ကရင်နီ(ကယား)ပြည်နယ်ရှိ မယ်စဲ့မြို့ ပြန်လည်ရရှိရေး စစ်ကောင်စီက အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များကပြောသည်။
ယခု စက်တင်ဘာဆန်းပိုင်းကစ၍ လွိုင်ကော်မှတဆင့် ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းကြောင်းအတိုင်း အစီးရေ ၈၀ထက်မနည်းသည့် ရိက္ခာယာဥ်တန်းများကို စစ်ကောင်စီက ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
“အဲဒီယာဥ်တန်းက ဖရူဆိုကို ရောက်သွားပြီ။အထူးသဖြင့်တော့ ဖားဆောင်းနဲ့ မယ်စဲ့ကို အင်အားဖြည့်ဖို့အတွက်ပေါ့။အဲဒါကြောင့်လည်း ပြည်ထောင်စုလမ်းမကြီးကို အပြင်းအထန် စစ်ထိုးနေတာ”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။
လက်ရှိ ဖားဆောင်း နှင့် မယ်စဲ့မြို့သို့ ဝင်ရောက်မည့် လမ်းပိုင်းအချို့တွင် စစ်ကောင်စီက တပ်စွဲထားပြီး နှစ်ဖက်စစ်ရေးတင်းမာဆဲဖြစ်ကြောင်း ဖားဆောင်း PDFတာဝန်ရှိသူက အသိပေးသည်။
“ဖားဆောင်းရယ်။နောက် ကျောက်စုရွာ(ဖားဆောင်း -မယ်စဲ့ လမ်းပိုင်း ဘေး၌ရှိသည်)မှာ တပ်စွဲထားတာရှိတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ယာဥ်တန်းတွေနဲ့ ဒီးမော့တိုကနေ ဆင်းလာတာ။ ဒီဘက်ခြမ်းကို လက်နက်၊ခဲယမ်း၊နဲ့ လူတွေဖြည့်ဖို့ဆိုတာ သိတယ်။ဒါကိုလည်း ကျွန်တော်တို့ဘက်က ပြင်ဆင်စရာရှိတာ ပြင်ဆင်နေပါတယ်”ဟု ၎င်းက ပြောသည်။