ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၂၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ယနေ့ ဇွန်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတံတားဂိတ်ရှိ အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာ ၁၀ ရွာကျော်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ဒေသပြည်သူ ၂၀၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရေတွင်းကုန်း၊ ဂွေးတန်ရှည်၊ အုန်းချစ်ကုန်း၊ အုန်းပင်စု၊ တောကြောင်ပေါက်၊ ဒေါင်းမို့၊ အင်းတိုင်းကုန်း၊ ၊ကျောက်စရစ်၊ လိန်ပင်၊ ပဲသောင် စသည့် ကျေးရွာများမှ ပြည်သူများသည် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်တပ်က အခု ထုနေတာပါ။ ဘေးနားက ရွာတွေကို ။ ရေတွင်းကုန်၊ ဂွေးတန်ရှည်ရွာ၊ အုန်းချစ်ကုန်း၊ အုန်းပင်စု၊ ရေလဲဘက်တွေ အခြေအနေကတော့ မကောင်းကြဘူး။ ရွာကတော့ များတယ်။ တောကြောင်ပေါက်၊ ဒေါင်းမို့၊ အင်းတိုင်းကုန်း၊ ကျောက်စရစ်၊ လိန်ပင်၊ ပဲသော်၊ အကုန်ကရင်ရွာတွေချည်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူများ ရှိရာဘက်သို့ ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး လေယာဉ်နှင့် ပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“ဂွေးတန်ရှည်ရွာပစ်တယ်။ တောကြောင်ပေါက်ကကို လက်နက်နဲ့ ထုတယ် တံတားကျိုးတဲ့ ဟိုဘက်ထိပ်က ဂိတ်က အခုထိ တောရွာထဲက လူတွေ ကြောက်နေကြတယ်။ ဆင်းရဲတဲ့ ပြည်သူတွေကတော့ ရွာထဲမှာပဲ တော်တော်များများက ပြေးကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။