ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲက နံဇရွာမှာ ဇူလိုင်လ ၁၉ ရက် ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးတယ်လို့ ဒေသခံတွေနဲ့ စစ်ဖက်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ဇူလိုင်လ ၁၉ ရက် ညသန်းခေါင် ၁၂ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး စစ်ကောင်စီဘက်က သာလွန်အင်အား ၄၀၀ လောက်နဲ့ နံဇရွာဘက်ကို ထိုးစစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာလို့ ရွာခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“စစ်ကောင်စီဘက်က အင်အားတော်တော်များတယ်။ ဒါပေမယ့် သေတာလည်း သူတို့ဘက်ကပဲ များတယ်။ နောက်တော့ ရွာကို မီးနဲ့ရှို့တယ်။ အိမ် ၁၀ လုံးကျော်လောက် မီးလောင်သွားတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် ကျေးရွာသား ၃ ဦးလည်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နံဇတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးပြီး အဲဒီထဲမှာ ပိန်းဇလုပ် ၂၆၄ (နှစ်ခြောက်လေး) တပ်ရင်းက ၃ ဦး ပါတယ်လို့ စစ်ဖက်သတင်းရင်းမြစ်ထံကနေ သိရပါတယ်။
တိုက်ပွဲမှာ အထိနာတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာကိုမီးရှို့လိုက်တာကြောင့် ရွာအထိနာမှာစိုးတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကျေးရွာကနေ ပြန်လည်ဆုတ်ခွာသွားပေးခဲ့တယ်လို့ PDF တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ နီးစပ်တဲ့ ကျောက်တံခါးမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ လပိုင်းကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။