စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်က ကျေးရွာတွေကို ရေဦးတိုင်းရင်းဆေးရုံမှာ တပ်ဆွဲထားတဲ့စစ်အုပ်စုက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ၂ ရက်အတွင်း အမျိုးသမီး ၁ ဦးနဲ့ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၈ ဦး အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို ဒေသခံတွေဆီ ကသိရပါတယ်။
ယနေ့ ဇူလိုင် ၂၀ ရက် မနက် ၈ နာရီကျော်လောက်က ရေဦးမြိုနယ်၊ တိုင်းရင်းဆေးရုံမှာတပ်ဆွဲထားတဲ့စစ်တပ်ဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ခင်ဦးမြိုနယ်၊ မူးသာကျေးရွာထဲကို လက်နက်ကြီးကျရောက်ခဲ့ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦးလည်း ရရှိထားတဲ့ဒဏ်ရာတွေနဲ့ပဲ သေဆုံးခဲ့တယ်လိုသိရပါတယ်။
ဒါ့အပြင် နောက်ထပ် ဒေသခံပြည်သူ ၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို သိရပါတယ်။
“အခုကမြေပြင်စစ်ကြောင်းမှာ စစ်တပ်ကအရေးနိမ့်တဲ့အတွက် စစ်ကြောင်းကိုအသင့်တင့်ပဲထိုးပြီးတော့ အဝေးကနေပဲ လက်နက်ကြီးနဲ့ ကျေးရွာတွေကိုလှမ်းပစ်နေတာ” လို စစ်ရှောင် ကူညီထောက်ပံ့ရေးလုပ်နေတဲ့ Khin Oo Support Organization-KSO အဖွဲတာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။
ဒါ့အပြင် မနေ့က ဇူလိုင် ၁၉ ရက် နေ့လယ် ၁၁ နာရီကျော်လောက်ကလည်း ရေဦးမြိုမှစစ်တပ်ကပဲ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ခင်ဦးမြိုနယ်၊ သက်ပြင်းကျေးရွာကို ကျရောက်ခဲ့ပြီး အသက် ၆ နှစ်အရွယ် ယောကျာ်းလေး ၁ ဦးသေဆုံးခဲ့ကာ ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
အဲဒီအထဲက အသက် ၅၀ ကျော် အမျိုးသားကတော့ အခြေအနေစိုးရိမ်ရပြီး ကျန် ၄ ဦးကလည်း ဒဏ်ရာပြင်းထန်တယ်လို သိရပါတယ်။
ခင်ဦးမြိုနယ်ကို စစ်အုပ်စုက လက်နက်ကြီးနဲ့ ဇူလိုင်လ ၁၆ ရက်ကတည်းက ဆက်တိုက်ပစ်ခတ်နေတဲံအတွက် အင်းပတ်၊ သက်ပြင်း၊ မူးသာကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာထပ်မနည်း ရွာပြင်ထွက် စစ်ရှောင်နေရတယ်လို ဒေသခံတွေက ပြောပါတယ်။