စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မူးသာရွာထဲကို လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် အမျိုးသမီးတဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့သလို ဒေသခံ ငါးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ရေဦးအခြေပြု Pepole Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား)က ပြောပါတယ်။
“ လက်နက်ကြီးနဲ့ ဒီနေ့မနက်လည်း လေးချက်တိတိ ထုခဲ့တယ်။ ခင်ဦးအနောက်ခြမ်းက မူးသာ ရွာမှာ ကျခဲ့တယ်။ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် သုံးဆယ် အရွယ်တို့ သေဆုံးခဲ့ရပြန်တယ် “ လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မူးသာရွာက အသက် ၂၇ အရွယ် မသဲမာနဲ့ အသက် ၃၀ အရွယ် ကိုမျိုးကို တို့သေဆုံးခဲ့ရပြီး ဒေသခံငါးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆက်လက်ပြောကြားပါတယ်။
ရေဦးမြို့ တိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ရေဦးမြို့နယ်တောင်ပိုင်း ဒေသနဲ့ မူးမြစ်သာခြားတဲ့ ခင်ဦးမြို့နယ်အနောက်ခြမ်း က မူးသာရွာ မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာခြောက်ရွာက ဒေသခံငါးထောင်ကျော် စစ်ရှောင်နေကြရပါတယ်။
ဇူလိုင်လ ၁၉ ရက်မနေ့က နေ့လယ်ပိုင်းမှာ ခင်ဦးမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ သက်ပေးရွာ ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ခြောက်နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သလို ကျေးရွာနှစ်ဆယ်ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ စစ်ရှောင်ခဲ့ရပါတယ်။
ရေဦးနယ်တောင်ဘက်ခြမ်း ပိဋကတ်ကျရွာနဲ့ ဇီဇွန်းရွာတွေ ဘက်ဝင်နေတဲ့ စစ်ကြောင်းဟာ ဒီနေ့ ညနေ ၃ နာရီလောက်မှာ မူးသာကုန်းရွာ နဲ့ ကုက္ကိုလ်စုရွာ ဘက်ကနေ ရေဦးမြို့ ထဲ ပြန်ဝင်သွားတာကြောင့် ဒေသခံတစ်ချို့ ရွာထဲပြန်ဝင်နေကြပေမယ့် ရေဦးနဲ့ အနီးဝန်းကျင်ရွာမှာ ရှိတဲ့ ဒေသခံတွေကတော့ လက်နက်ကြီး အန္တရာယ်ကြောင့် ဆက်လက်စစ်ဘေးရှောင်နေရတယ်လို့ ကိုထူးခန့်ဇော်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းဆက်တိုက်ထိုးနေတာကြောင့် စစ်ရှောင်ဦးရေ ပိုမိုများလာသလို စစ်ရှောင်လက်ခံရေးဌာနတွေမှာ စားနပ်ရိက္ခာ အခက်အခဲနဲ့ နေရာထိုင်ခင်းတွေ အခက်အခဲ ဖြစ်နေပြီး အကူညီတွေ ပိုမိုလိုအပ်နေတယ်လို့လည်း ပြောပါတယ်။
“ ဒီနေ့မနက် ခင်ဦး အနောက်ခြမ်းကို လက်နက်ကြီးကျည် ထပ်ကျလို့ ကျေးရွာခြောက်ရွာက ပြည်သူထောင်ချီ ထပ်မံတိမ်းရှောင်နေတာပါ။ အခုတော့ တချို့ပြန်ဝင်နေကြပြီ “ လို့ သူကဆိုပါတယ်။