စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်အစပ်၊ စစ်ကိုင်းမြို့နယ် မြောက်ပိုင်း တလိုင်းရွာအနီး စစ်ကိုင်း-ရွှေဘို ဗျူဟာလမ်းပေါ်မှာ ဒီမနက်ပိုင်း စစ်အုပ်စုနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ ထိတွေ့မှုရှိခဲ့ပြီး တော်လှန်ရေး ရဲဘော် (၁၄)ဦး ကျဆုံးတယ်လို့ သတင်း ရရှိပါတယ်။
“ခွေး ကင်းပုန်းနဲ့ တိုးပြီး ကျဆုံးတာတဲ့” လို့ ဒေသခံ မြေပြင်ကင်းထောက် ဗိုလ်ကင်းက ပြောပါတယ်။
တော်လှန်ရေး ရဲဘော် (၁၄)ဦး ကျဆုံးတာ ဟုတ်မှန်ကြောင်းနဲ့ ဖြစ်စဉ်အသေးစိတ် အခြေအနေတွေ မသိရသေးဘဲ ဆက်လက်ပြီးတော့ဘည်း တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ ဇွန်(၂၈)ရက် မနက်(၆)နာရီခွဲကျော်အချိန် စစ်ကိုင်းမြို့ရဲ့မြောက်ဘက်၊ မတ္တရာမြို့အနောက်ဘက်၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ စစ်ကိုင်းမြို့နယ် တလိုင်းရွာနဲ့ ဝက်လက်မြို့နယ် စဉ့်ကိုင်ရွာကြား ဗျူဟာလမ်းပေါ်မှာ တိုက်ပွဲဖြစ်ပြီး PDF တပ်ဖွဲဝင် (၁၄) ဦး သေဆုံးကာ သေနတ်(၁၃)လက် သိမ်းဆည်း ရရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
သိမ်းဆည်းရရှိတဲ့ လက်နက်တွေဟာ စနိုက်ပါတစ်လက်၊ (Type-81)သေနတ် ခုနှစ်လက်၊ (KA-25) သေနတ်သုံးလက်၊ (SIG Sauer P-320 ) သေနတ်တစ်လက်၊ လက်ပစ်ဗုံး (၁၀)လုံး၊ အိုင်ကွန် ခြောက်လုံး၊ ဗုံးနဲ့ ကျည်ဆံ အများအပြား ဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
အင်အား (၇၀)ကျော်ပါတဲ့ စစ်အုပ်စုဟာ ဒီနေ့လည်ပိုင်းမှာ စဉ့်ကိုင်ရွာကနေ တလိုင်းရွာဘက် ကူးလာပြီး တလိုင်းရွာထိပ် ကားလမ်းဘေးက နေအိမ်တွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေသလို တချို့တဝက်က ဝက်လက်မြို့နယ်အစပ် သပြေပင်ကုန်းရွာဘက် ရောက်ရှိနေပြီး ဆက်လက်အကြမ်းဖက် သောင်းကျန်းမယ့် အခြေအနေရှိတာကြောင့် ထန်းကြီး၊ ပယ်သူကြီးစတဲ့ ကျေးရွာတွေနဲ့ ပြည်သူတွေ ဂရုပြုနေထိုင်ကြဖို့ ဒေသခံ မြေပြင်ကင်းထောက်တွေက သတိပေးနေပါတယ်။
စစ်အုပ်စုဟာ စစ်ကိုင်း၊ ဝက်လက်၊ မတ္တရာနဲ့ စဉ့်ကူးစတဲ့ ဧရာဝတီမြစ်ရိုးတလျှောက်က ရွာတွေကို ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။