စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တနေရာမှာ ဒီကနေ့မှာကျရောက်တဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိန်းအမှတ်အဖြစ် စစ်အုပ်စုကိုဆန့်ကျင်တဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဒေသခံတွေက အခမ်းနား ကျင်းပ ခဲ့ပါတယ်။
အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား တစ်မိနစ်ငြိမ်သတ် အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအတွင်းကျဆုံးခဲ့ရသော ရဲဘော်များအား ဂုဏ်ပြုအလေးပြုခြင်းတွေပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဝမ်းနည်းခြင်းအထိန်းအမှတ်အဖြစ် ၁၀ နာရီ ၃၇ တွင် ကား၊ဆိုင်ကယ် ဟွန်းတီးခြင်း ဆောင်ရွက်ခဲ့ကြောင်းဖော်ပြပါတယ်။
စစ်ကိုင်းတိုင်း မန္တလေးတိုင်းနဲ့ အခြားဒေသတွေက စစ်အုပ်စုထိန်းချုပ်နိုင်စွမ်းမရှိတဲ့နေရာတွေမှာလည်း တော်လှန်ရေးအစုအဖွဲ့တွေနဲ့ ဒေသခံတွေက ကိုယ်အစီအစဉ်နဲ့ကိုယ် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားတွေကိုကျင်းပနေကြတာဖြစ်ပါတယ်။
ဒီကနေ့ ဇူလိုင် (၁၉) ရက်နေ့မှာ ကျရောက်တဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက သွားရောက်ဂါရဝပြုခွင့်မပေးခဲ့သလို လွမ်းသူပန်းခွေကိုယ်စား ဂါရဝပြုခွင့်ကိုပါပိတ်ပင်ထားတာကိုတွေ့ရပါတယ် ။