မန္တလေး – ရွှေဘိုကားလမ်းမကြီးကို စက်တင်ဘာလ ၇ ရက် ဒီနေ့မနက်ပိုင်းက စတင်ပြီး ယာယီအသုံးမပြုကြဖို့နဲ့ ခရီးသွားကားတွေကိုရောက်တဲ့နေရာမှာ ယာယီရပ်ထားကြဖို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
စစ်တပ်စစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ် ကားလမ်းမဘေးကျေးရွာတွေကို ရောက်ရှိနေတာကြောင့် ကားလမ်းကိုယာယီပိတ်ထားတာလို့ ဝက်လက်မြို့နယ်အနောက်ခြမ်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။
“စစ်ကြောင်းက ကားလမ်းတလျှောက်ကရွာတွေကို ဝင်မွှေနေတာမို့ ကားလမ်းကိုအသုံးမပြုဖို့ ပိတ်တာပါ ” လို့ ၎င်းက ပြောပါတယ်။
ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာမှာရောက်ရှိနေတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်းက စက်တင်ဘာလ ၆ ရက် မနေ့က ဝက်လက်မြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်းဘေး သရက် ကြီးကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၅ ရက်က ဝက်လက်မြို့နယ်ကို စစ်ကြောင်း ၆ ကြောင်းခွဲကာ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီးနောက် လက်ရှိမှာ ဝက်လက်အရှေ့ခြမ်းမှာ စစ်ကြောင်း ၂ ကြောင်း၊ စစ်ကိုင်းနယ်အစပ် ကားလမ်းမတလျှောက်မှာ စစ်ကြောင်း ၂ ကြောင်း ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။