မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က မြို့ပေါ် သွားလာခွင့်ပိတ်ကာ အဆက်အသွယ်ဖြတ်တောက်ထားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ဆိပ်ဖြူမြို့နယ်အရှေ့ပိုင်း၊ ယောချောင်းဘေးရှိ ကျေးရွာများအား မြို့ပေါ်သို့ သွားလာမှုမပြုနိုင်ရန် ကားနှင့် ဆိုင်ကယ်များကို ဇူလိုင်၁၂ရက်မှစပြီး ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“အခုအချိန်အထိ သွားလာခွင့်မပြုတဲ့အတွက် အဲဒီဒေသက ပြည်သူများ စားသောက်စရာများ အခက်အခဲကြုံတွေ့နေရပါတယ်။ မြို့ပေါ်သွားပြီး ဆေးရုံဆေးခန်းပြချင်သော်လည်း သွားလာ လို့မရတဲ့အတွက် အသက်မရှုံးဆုံးသင့်ဘဲ ဆုံးရှုံးတာတွေရှိနေပါတယ်။”ဟု We Love Seik Phyu Group အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်နေရကာ မြို့ပေါ်သို့သွားရောက်စျေးဝယ်၍ မရသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲတွေ့နေကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့နယ်ရောက်နေသည့်စစ်ကြောင်းသည် ဆိပ်ဖြူမြိုနယ် ဆားလောက်ရွာဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။