ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ်မှာ နေ့ခင်းကြောင်တောင် ခိုးဆိုးလုယက်သူတွေ တစ်နေ့ထက် တစ်နေ့ သောင်းကျန်းလာလို့ ဒေသခံ ပြည်သူတွေ စိုးရိမ်နေရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့ပေါ်မှာ တရားဥပဒေ စိုးမိုးမှု လျော့နည်းလာတာ၊ စီးပွားရေး ကျဆင်းလာတာတွေကြောင့် သူခိုးတွေနဲ့ လုယက်သူတွေ တစ်နေ့တစ်ခြား များလာတာလို့ ဆိုပါတယ်။
အရင်က ညဘက်တွေမှာသာ ဆိုင်ကယ်၊ စက်ဘီးခိုးယူမှုတွေ၊ လုယက်မှုတွေ ဖြစ်လေ့ရှိပေမဲ့ လက်ရှိမှာတော့ နေ့ခင်းဘက်တွေမှာပါ အုပ်စုလိုက် ခိုးယူမှုနဲ့ လုယက်တွေ ဖြစ်လာတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အခုက နေ့ခင်းဘက်တွေမှာလည်း အနည်းဆုံး ၅ ယောက် တစ်ဖွဲ့ လိုက်ခိုးနေကြတာ။ ကားတွေကိုဆိုလည်း နေ့ဘက်ကြီးနော် ဘက်ထရီတွေ ခိုးတယ်။ သူတို့က အုပ်စုလိုက် ဆိုတော့ လူကို အန္တရာယ်ပြုဖို့ ပစ္စည်းတွေလည်း ပါလာနိုင်တယ်။ ပြီးခဲ့တဲ့ လတုန်းက ကျွန်မ ဆိုင်ကယ်ဆိုင်ရှေ့မှာ ၁၀ မိနစ်လောက် ရပ်ထားတုန်း ပါသွားတယ်။ ရဲစခန်း တိုင်ချက်ဖွင့်လည်း မထူးပါဘူး” လို့ သူကရှင်းပြပါတယ်။
အခုလို တာချီလိတ်မြို့ထဲမှာ ခိုးဆိုးလုယက်သူတွေ သောင်းကျန်းနေတာကြောင့် ပစ္စည်းတွေ မကြာခဏ ခိုးယူခံနေရသလို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ခံစားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလို ခိုးယူလုယက်မှုတွေ မကြာခဏ ဖြစ်နေပေမဲ့ သက်ဆိုင်ရာ ရဲစခန်းက ထိထိရောက်ရောက် ဖမ်းဆီးမှု မရှိသလို ပစ္စည်းပျောက် တိုင်ချက်ဖွင့်ပါက လိုက်လံ ဖမ်းဆီးပေးတာ မရှိလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။