စစ်တပ်ကားတန်း နဲ့ ထောင်ပြောင်းအရွေ့ ပြုလုပ်စဉ် အမည်မသိအဖွဲ့ တစ်ခုရဲ့ မိုင်းခွဲမှုကြောင့် ကျဆုံးခဲ့ရတဲ့ ဒေါက်တာဇော်ထွယ်အောင် သေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
ချင်းတွင်းကျန်းမာရေးကွန်ယက် (Chindwin Medical Network – CMN) ၏ အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး (Civil Disobedience Movement – CDM) လှုပ်ရှားမှုတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သူ ဒေါက်တာဇော်ထွယ်အောင်ဟာ ဩဂုတ်လ (၁၅) ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီ၏ အစီအစဥ်နဲ့ မုံရွာ အကျဉ်းထောင်မှ မန္တလေးအကျဉ်းထောင်ကို ရွေ့ပြောင်းစဉ် လမ်းပိုင်းတစ်နေရာမှာ မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး သေဆုံး ခဲ့တာဖြစ်ပါတယ်။
ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်မှာ အပြင်းအထန် ဒဏ်ရာရရှိသူ နိုင်ငံရေး အကျဉ်းသား (၅) ဦးနဲ့ အခြားဒဏ်ရာရသူ (၃၀) ဦးကျော်လည်း ရှိခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ၊ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဒေါက်တာဇော်ထွယ်အောင်နဲ့ အခြားထိခိုက်ခံစားခဲ့ရသူမိသားစုများနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း ထုတ်ပြန်ထားပြီး အဲ့ဒီဖြစ်စဉ်တစ်ခုလုံး ကိုဆက်လက် စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေါက်တာဇော်ထွယ်အောင်ဖြစ်စဉ်နဲ့ အလားတူ ပြီးခဲတဲ့ မတ်လ ၃ ရက်နေ့ကလည်း မုံရွာ ထောင်ကနေ မြင်းခြံထောင်ကို အကျဉ်းသား ၁၅၀ခန့် ထောင်ပြောင်းရွှေ့ရာမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူကျေးရွာအနီး ချင်းတွင်းတံတားထိပ်မှာ မိုင်းဆွဲခံရလို့ နိုင်ငံရေး အကျဉ်းသား တချို့ ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါဖြစ်စဉ်မှာ အမျိုးသမီး အကျဉ်းသူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နိုင်ငံရေးအကျဉ်းသူ မမြင့်မြင့်ခိုင်နဲ့ မဝင်းဝင်းနွယ်တို့ ၂ ဦး ဒဏ်ရာပြင်းထန်လို့ မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့ကြ ရတယ်လို့လည်း ဆိုပါတယ်။
ဒေါက်တာဇော်ထွယ်အောင်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ စစ်ဘေးသင့်ပြည်သူတွေကို နယ်လှည့်ဆေးကုသမှုပေးခဲ့ရင်း လက်ကောက်ဝတ်ရိုးကျိုး ဒဏ်ရာရှိခဲ့တာကြောင့် မုံရွာမြို့မှာ ဆေးကုသမှုခံယူနေချိန် စစ်ကောင်စီ ကမတရား ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၁ နှစ်ချမှတ် ခံထားရပါတယ်။