မြန်မာနိုင်ငံတစ်ဝန်း လက်တွေ့ကျသည့် စစ်ရေး ရလဒ်များနှင့်အတူ လက်တွေ့ကျသည့် အုပ်ချုပ်စီမံမှု ယန္တရား စနစ်တကျ အကောင်အထည်ဖော် ရမည့် တာဝန်ကို မမေ့ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေး ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၀ ကြိမ်မြောက်အစည်းအဝေးတွင် သမ္မတက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
“နွေဦးတော်လှန်ရေးအတွင်းမှာ လက်တွေ့ကျတဲ့ စစ်ရေးရလဒ်တွေနဲ့ လက်တွေ့ကျတဲ့ အုပ်ချုပ် စီမံမှု ယန္တရားတွေကို စနစ်တကျ အကောင် အထည်ဖော်တည်ဆောက်ရေးဟာ ပဓာနကျတဲ့ တာဝန်ဆို တာ မမေ့ဖို့လိုကြောင်း ၊ တိုင်းပြည်နဲ့ လူထုကို တော်လှန်ရေးအစိုးရအနေနဲ့ ဦးဆောင်တဲ့ နေရာမှာ အစိုးရတစ်ရပ်ရဲ့ ဂုဏ်နဲ့ ထိုက်တန်သော အမူအကျင့်၊ အတွေးအခေါ်တွေကို ကျင့်ကြံကြဖို့ အထူး တိုက်တွန်းလိုတယ်” ဟု ယာယီသမ္မတက ပြောဆိုသည်။
ထို့ပြင် နွေဦးတော်လှန်ရေး၏ အဓိက ဒေါက်တိုင်ဖြစ်သော CDM လှုပ်ရှားမှုကို ဆက်လက်ချဲ့ထွင်ရန် နည်းလမ်းကို စဉ်းစားသုံးသပ်ကြရန်၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၏ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီးစေရန် ကြိုးစားကြရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။
“အခု နွေဦးတော်လှန်ရေးအတွင်းမှာလည်း CDM လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ်ကို ချေမှုန်းတဲ့ နေရာမှာ ထိရောက်တဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်ပါတယ်။ ဒါကို တော်လှန်ရေးမှာ လက်တွေ့ကျအောင် ဘယ်လို ဆက်လက် ချဲ့ထွင်မလဲဆိုတာ စဉ်းစားသုံးသပ်ကြဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ လူ့စွမ်းအားအရင်းအမြစ် မပြုန်းတီး အောင် ဝိုင်းဝန်း ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြးသည်။
နွေဦးတော်လှန်ရေးသည် ၃ နှစ်တာ ကာလအထိ ရောက်ရှိတော့မည်ဖြစ်ပြီး ယင်းကာလအတွင်း မည်သို့သော ခြေလှမ်းမျိုးများ ပီပီပြင်ပြင်ပေါက်ပေါက်မြောက်မြောက် လျှောက်လှမ်းထားကြပြီးပြီ ဆိုသည်ကို ပြန်လည် ဆန်းစစ်ရန် လိုအပ်ကြောင်း၊ တော်လှန်ရေးခရီးစဉ်များတွင် အမှားအယွင်းနည်းနိုင်သမျှ နည်းနည်းနှင့် ရှေ့ဆက်လျှောက်လှမ်းကြရန်လည်း ယာယီသမ္မတက ပြောဆိုသည်။