ပုလောမြို့နယ် ဒေသကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်တစ်ဦး အာဇာနည်နေ့က ကျဆုံးခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကနေသိရပါတယ်။
ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်ဟာ အသက် ၂၂ နှစ်အရွယ် ရဲဘော် AK ဖြစ်ပြီး အခုလ ၁၉ ရက်နေ့ ညနေ ၅ နာရီလောက်က ပဝတ်ကုန်းရွာနဲ့ မင်းထိန်ရွာကြား ကားလမ်းမတစ်နေရာမှာ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်ပစ်ခတ်ခဲ့လို့ ကျဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
“ဆိုင်ကယ်သုံးစီးလူငါးယောက် ယူနီဖောင်းနဲ့ဆင်းလာတာ။ အရပ်ဝတ်နဲ့သွားရင်ဘာမှဖြစ်မှာမဟုတ်ဘူး။ အရပ်သားတွေတစ်နေ့လုံးသွားနေကြတာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်နဲ့အတူတူလာတဲ့ရဲဘော်တွေကတော့ လွတ်မြောက်သွားပြီး ရဲဘော် AK ရဲ့အလောင်းကို ညချင်းပဲလူတစ်စုလာသယ်သွားတယ်လို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
ရဲဘော် AK ကျဆုံးတာနဲ့ ပတ်သက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ဖို့ ရည်ရွယ်ချက်နဲ့ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ရင်းကျဆုံးသွားတယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)အဖွဲ့က ဒီကနေ့ထုတ်ပြန်အတည်ပြုထားပါတယ်။
PRDF အဖွဲ့ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက အဲဒီနေရာအနီးတဝိုက်မှာ ကင်းပုန်းရှိနေတာကို ကြိုပြီးသတင်းမရထားတဲ့အတွက်အခုလိုဖြစ်ရတာလို့ ပြောပါတယ်။
ရဲဘော် AK ကိုဆုံးရှုံးခဲ့ရတဲ့အတွက် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)အနေနဲ့ ကျန်ရစ်သူ မိသာားစုနဲ့အတူ ဝမ်းနည်းကြေကွဲရတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။