စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ ပျူအဖွဲ့ဝင် လူငယ်တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF အမှတ် ( ၃) စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ၂ ရက် ည ၁၀ နာရီခန့်က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးရွာမှ ပျူအဖွဲ့ဝင် လူငယ်တစ်ဦးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ( ၃) စစ်ကြောင်း ၊ တပ်ရင်း အမှတ် (၁၄)၊ (ချင်းတွင်းဒေသ)သို့ ဆက်သွယ်ကာ အလင်းဝင်လာခြင်းဖြစ်သည်။
၎င်းသည် Type- 81 အမျိုးအစား သေနတ် ၁လက် ၊ ကျည်ဘောက် ၂ ခု ၊ ၇.၆၂ မီလီမီတာကျည် ၈၆တောင့် ၊ ၅.၅၆ မီလီမီတာကျည် ၁၄ တောင့် ၊ လက်ပစ်ဗုံး ၁ လုံးနှင့် စကားပြောစက် ၁လုံးတို့အား ယူဆောင်၍ တပ်ရင်းအမှတ် (၁၄) တပ်ရင်းမှူး ရဲဘော်ဇေယျထံ အပ်နှံကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း (ကျောင်းသားတပ်မတော်) အမှတ် ( ၃)စစ်ကြောင်းက အသိပေးသည်။
“လောလောဆယ်တော့ ဆုချီးမြှင့်တာမလုပ်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ငွေကြေးအခက်အခဲရှိနေသေးတော့။ သူက စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းလိုတော့ဘူး။ မနေလိုတော့ဘူး။ နဂိုကလည်း ပျူစောထီးအနေနဲ့ လုပ်ခဲ့ရတဲ့အခါမှာ တစ်အိမ်တစ်ယောက် မဖြစ်မနေ မဝင်မနေရပုံစံမျိုး ရွာမှာရှိတဲ့ယောကျာ်းသားအားလုံး ဝင်ခိုင်းထားတော့ ဝင်ခဲ့ရတာ။ စိတ်မပါခဲ့ဘူး။ ရွာကနေထွက်လာပြေးလာကတည်းက လက်နက်နဲ့တကွ ထွက်ပြေးချင်တဲ့စိတ်ဆန္ဒလည်းရှိတဲ့အခါမှာ ချိတ်ဆက်ပြီးတော့ အလင်းဝင်ဖို့ထွက်ပြေးလာတာပါ။”ဟု ABSDF အမှတ်(၃) စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။
၎င်းအား လုံခြုံသောနေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အောက်တိုဘာ ၂၄ရက်နှင့်၂၅ရက်ကလည်း ဇီးဖြူကုန်းပျူရွာ၌ နေထိုင်လိုခြင်းမရှိ၍ ထွက်ပြေးလာသော ပြည်သူ ၉ ဦးကို ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) နှင့် ပူးပေါင်းကာ သွားရောက်ခေါ်ဆောင်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သေးသည်။
စစ်ကောင်စီလက်အောက်ခံများအနေဖြင့် အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင် အမြန်ဆုံး အလင်းဝင်ကြရန် (ကျောင်းသားတပ်မတော်) အမှတ် (၃)စစ်ကြောင်းက တိုက်တွန်းထားသည်။