ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဇွန်လ ၅ ရက်နေ့ ညပိုင်းကရပ်ကွက်တွင်းနေထိုင်တဲ့ အမျိုးသား ၂ ဦးကို စစ်ကောင်စီက ဧည့်စာရင်းစစ်ရင်းဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
အမှတ် (၁) ရပ်ကွက် င၀န်ကျွန်းသာ ၁၃ လမ်းမှာနေထိုင်တဲ့ ကိုသက်မျိုးဇင်နဲ့ ညီဖြစ်သူတို့ကို အကြောင်းပြချက်မရှိ ၀င်ရောက်ဖမ်းဆီးသွားတာလို့သိရပါတယ်။
“ဧည့်စာရင်းစစ်မယ်ဆိုပြီး ရပ်ကွက်ထဲ၀င်လာကြတာ။ အဲ့အိမ်ကိုပဲအဓိက ၀င်ဖမ်းတာ၊ ဘာကြောင့်ဖမ်းသွားလဲဆိုတာ မိသားစုကိုတောင်ပြောမသွားဘူး”လို့ ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီနေ့ မနက်ပိုင်းမှာပဲ စစ်ကောင်စီတပ်တွေက အမှတ် (၆)ရပ်ကွက် ကံမဆိုင်ထိပ် သလပ်ခွာ လမ်းမပေါ်မှာ လမ်းလျှောက်နေတဲ့ အမျိုးသားလေးဦးကို ကားပေါ်ဆွဲတင်ကာဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းကမြို့နယ်တွေမှာ ဇွန်လဆန်းပိုင်းကစတင်ပြီး ဧည့်စာရင်းစစ်တာတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်နဲ့ ရဲ အင်အား ပိုများများအသုံးပြုကာ စစ်ဆေးမှုတွေပို ပြုလုပ်လာသလို အိမ်ဌားနေထိုင်သူအချို့ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။