ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နဲ့ ဂျပန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှုကို ဇွန် ၆ ရက်မှာ ဗီဒီယိုကွန်ဖရင့်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလို ဆွေးနွေးရာမှာ မနက် ၈ နာရီမှာ ဂျပန်အောက်လွှတ်တော်ကိုယ်စားလှယ်များဖြစ်တဲ့ Mr. ITO Shintaro ၊ Mr. YUHARA Shunji တို့နဲ့ တွေ့ဆုံခဲ့ပြီး မနက် ၉ နာရီ ၁၅ မိနစ်မှာ Mr. AOYAGI Hitoshi နဲ့ သီးခြားစီတွေ့ဆုံမှု ပြုလုပ်ခဲ့တာပါ။
ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်မှုများ အမြန်ဆုံး အဆုံးသတ်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီဆိုင်ရာ ကိစ္စရပ်များအပါအဝင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍများအပေါ် ဆွေးနွေးခဲ့ကြတယ်လို့ CRPH က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ CRPH အတွင်းရေးမှူး မိုင်းလမင်းထွန်း၊ ဘဏ္ဍာရေးကော်မတီအတွင်းရေးမှူး ဦးနေမျိုးထက်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနဲ့ အဖွဲ့ဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြတာပါ။