ရှမ်း-ကရင်နီ နယ်စပ်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ အတွက် “ဖိနပ်ပေးပါ ရှေ့ထွက်ပေးမယ်” ကမ်ပိန်း ပြုလုပ်နေလို့ ပြည်သူတွေ ဝိုင်းဝန်း ကူညီပေးကြဖို့ ချိုးဖြူတော်လှန်ရေး အင်အားစု- JPRF က မေတ္တာရပ်ခံထားပါတယ်။
ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖယ်ခုံဒေသမှာ ၃ လကျော်ကြာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ စကတည်းက ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ အတွက် ဖိနပ် လိုအပ်ချက် ရှိလာတာကြောင့် အခုလို အကူအညီ တောင်းခံရတာ ဖြစ်တယ်လို့ JPRF ပြောရေးဆိုခွင့်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
“ကျွန်တော်တို့လည်း ပြည်သူတွေ ခက်ခဲနေတာ သိပါတယ်။ တန်ဖိုးကြီး 4 WEEL ကားတွေ၊ သိန်းရာချီတန်တဲ့ သေနတ်တွေလည်း မတောင်းပါဘူး။ ရဲဘော်တွေအ တွက် ဖိနပ်ဆိုဒ် ၃၅ နဲ့ ၃၇ ဖိနပ်ဆိုဒ်တွေပဲ တောင်းတာပါ။ ကျွန်တော်တို့ကို ဖိနပ်ပဲပေးပါ။ ရှေ့တန်းမှာ အသက်ပေး တိုက်ပါမယ်” လို့ သူကဆိုပါတယ်။
ရှေ့တန်းက ရဲဘော် ၁၀၀ ကျော်အတွက် ဖိနပ်ဆင်ပေးဖို့ သိန်း ၂၀ ခန့် ကုန်ကျနိုင်ပြီး ပြည်သူတွေ အနေနဲ့ ၅၀ ကျပ်၊ ၁၀၀ ကျပ်ကစပြီး ကူညီ ထောက်ပံ့ ပေးနိုင်ပါတယ်လို့ ချိုးဖြူတော်လှန်ရေး အင်အားစုက မေတ္တာရပ်ခံ ထားပါတယ်။
ပါဝင်ကူညီလိုတဲ့ ပြည်သူတွေ အနေနဲ့ လုံခြုံရေးအရ စိတ်ချရတဲ့ အကောင့်တွေကို ချိုးဖြူတော်လှန်ရေး အင်အားစုရဲ့ ဖေ့ဘုတ်စ်ပေ့မှာ လာရောက် မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။