မန္တလေးတိုင်း၊ မတ္တာရာမြို့နယ်တွင် စစ်ကောင်စီ ထန်းပင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်လေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီအချိန် မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနေအိမ်တွင် ရှိနေသော အုပ်ချုပ်ရေးမှူး ကျော်လေးကို လူတစ်စုက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာလမ်းမပေါ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြကြောင်း ၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
“သူ့ကို အိမ်မှာလာဖမ်းတာကို လမ်းမှာ ထွက်ပြေးဖို့ လုပ်လို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အသတ်ခံလိုက်ရတာ။ ရဲတွေ စစ်တပ်တွေက အတော်ကြာမှ ရောက်လာတယ်။ ဖမ်းတဲ့အဖွဲ့တွေက ပြန်ထွက်သွားအပြီး ၁ နာရီလောက်မှ ရဲနဲ့ စစ်တပ်တွေ ရောက်လာတာ။ အလောင်းလာကောက်တဲ့သဘောပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။