ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်တွင် ယနေ့မွန်းလွဲ ၃ နာရီဝန်းကျင်က စစ်ကားတစ်စီး ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကြောင်း သိရသည်။
စျေးကုန်းရပ်ကွက်၊ သံလွင်တည်းခိုခန်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် စစ်ကားကို မိုးကောင်း KPDF အဖွဲ့က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသည်ဟု မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မျက်မြင်ပြောပြတာ။ ဒရိုက်ဘာအခန်းထဲမှာ ကားမှန်ကွဲပြီး သေနေတယ်။”ဟု ပြောသည်။
သေဆုံးစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ဒေသခံပရဟိတအဖွဲ့က သယ်ဆောင်သွားကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့က အိုးတန်းရပ်ကွက်နှင့် ကျွန်းတောရပ်ကွက်တို့တွင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြောက်လှန့်နေကြောင်း သူကဆက်ပြောသည်။
ထို့ပြင် မိုးကောင်းမြို့နှင့် နမ္မတီးမြို့ကြားရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၃)မှ လက်နက်ကြီးများဖြင့် မြို့၏အရှေ့တောင်ဘက်သို့ ပစ်ခတ်နေကြောင်းလည်း ပြောသည်။
“ခု စကခ တောင်ကုန်းကနေ လက်နက်ကြီးနဲ့ထုနေပြီ ၄ ချက်ရှိပြီ အရှေ့တောင်ဘက်ကို ပစ်တာ၊ KIA စခန်းရှိတဲ့ဘက် အဲလို့ပစ်ပြီ မကြာဘူး။”ဟု ပြောသည်။
ယခုလက်ရှိ မိုးကောင်းမြို့အတွင်း စစ်ကောင်စီ ရဲနှင့် တပ်ဖွဲ့ဝင်များ စစ်ဆေးရေးတင်းကြပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း မိုးကောင်းမြို့၊ ညောင်ထောက်ကလေးကျေးရွာအနီးတွင် ကင်းလှည့်စစ်ကောင်စီကား ပစ်ခတ်ခံရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။