မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယမန်နေ့ဇူလိုင်လ ၁၉ ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး မြေနိမ့်ပိုင်းရပ်ကွက်များတွင်ရေကြီးရေလျှံမှုများဖြစ် ပေါ်ခဲ့ပြီး အသက် တစ်နှစ်ခွဲဝန်းကျင် ကလေးငယ်တစ်ဦးအပါအဝင် ကလေး သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရေကြီးလျှံမှုများ ဖြစ်ပွားနေသည့် မော်လမြိုင်မြို့နယ်၊ သီရိမင်္ဂလာ ရပ်ကွက်တွင် တစ်နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ညနေပိုင်း အချိန်တွင်လည်း သီရိမြိုင်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဖြစ်နေစဉ် ရေဆင်းကူးသည့် အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးနှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
“ကလေးက တစ်နှစ်ခွဲအရွယ် မိန်းကလေးပါ။ အိမ်မှာ အဖိုးအဖွားနဲ့ နေရင်းမှ ပျောက်ဆုံး လို့ရှာဖွေရာမှ ခြံထဲမှာရေနစ်သေဆုံးလျှက် တွေ့ရှိရခြင်းပါ။ ညနေပိုင်းနစ်တဲ့ ကလေး နှစ်ယောက်ဆို ရေနစ်တဲ့အကြောင်း ကျွန်တော့်ဆီကို ဖုန်း၀င်လာတာ။ ကလေး နှစ် ဦးလုံးကို ပြန်ရှာရခဲ့ပေမဲ့အသက်တွေကတော့ ပါမလာတော့ပါဘူး” ဟု ကယ်ဆယ်ရေး လုပ်ငန်းများကို လိုက်ပါဆောင်ရွက်ပေးခဲသူတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးထားသည်။
ထို့ပြင် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများအတွင်းမျောပါလာသည့် ထင်းချောင်းများကို လိုက်လံဆည်ယူသည့် အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးမှာ ရေစီးဖြင့်မျောပါသွားကာ ယခုအချိန် အထိ ပျောက်ဆုံးနေကြောင်း ဒေသခံများထံက သိရသည်။
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နှစ်စဉ်ရေကြီး ရေလျှံမှုများ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရအနေဖြင့် ကူညီပေးမှုများမရှိဘဲ ဒေသခံပရဟိတအသင်းအဖွဲ့များကသာ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ပေးနေကြောင်း ဒေသခံများက ဆိုသည်။