ဒီမိုကရေစီ လမ်းကြောင်းပေါ် မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် အမေရိကန်ကဆက်လက် တွန်းအားပေးနေမယ်လို့ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောကြားခဲ့ပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး ညီလာခံမှာ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ ဟားရစ်က အခုလို ပြောဆိုသွားခဲ့တာပါ။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ အိန္ဒိယ နိုင်ငံမှာ G20 ညီလာခံ တက်ရောက်ဖို့ အချိန်တိုက်နေတဲ့အတွက် အာဆီယံ ထိပ်သီး ညီလာခံကို သူ့ကိုယ်စား ဟားရစ်ကတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေထဲမှာ နစ်မွန်းနေတဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် တွန်းတင်ဖို့ သူ့နိုင်ငံက ဆက်လက် အားထုတ်နေမှာ ဖြစ်တယ်လို့ ဟားရစ်က စက်တင်ဘာ ၆ ရက်မှာ ပြောကြားခဲ့ပါတယ်။
သူက ဝါရှင်တန်ဒီစီ မြို့တော်မှာ အမေရိကန်-အာဆီယံ စင်တာအသစ်တခု တည်ထောင်မယ့်အစီအစဉ်ကိုပါ အတည်ပြုကြေညာသွားခဲ့ပါသေးတယ်။
အာဆီယံ ခေါင်းဆောင်တွေနဲ့ ဟားရစ် တွေ့ဆုံတဲ့အချိန် မြန်မာအစိုးရ နေရာအတွက် စီစဉ်ထားတဲ့ ထိုင်ခုံကတော့ ထုံးစံအတိုင်း လစ်လပ်နေခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ အာဆီယံက အဆိုပြုထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက အာဆီယံဟာ ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာ ကိုယ်စားလှယ်ကို မဖိတ်ခေါ်ဖို့ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။