ကရင်ပြည်နယ်၊ မြ၀တီမြိုနယ်တွင် စစ်တပ်နှင့် အရပ်ဘက်အရာရှိများ သေဆုံးစေခဲ့သော ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီက ဒရုန်းပစ်ချသည့် လက်နက်များနှင့် Jammer များ ပမာဏအများအပြားဖြင့် တင်သွင်းရန် ရှိနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်း မြ၀တီမြိုတွင် ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် စစ်ဘက်နှင့်အရပ်ဘက် အရာရှိ ၁၀ ဦးခန့် သေဆုံးပြီးနောက် နေပြည်တော် စစ်ရုံးတွင် PDF များ၏ ဒရုန်းအန္တရာယ်ကာကွယ်ရေး အတွက် အသေးစိတ် ဆွေးနွေးကာ ဒရုန်းပစ်ချသည့် လက်နက်များနှင့် Jammer အများအပြား တင်သွင်းရန် အမိန့်ကျလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ယခင်ကတည်းက ဒရုန်းပစ်လက်နက်တွေ၊ Jammer တွေ တင်သွင်းခဲ့ တာရှိပါတယ်။ အဲဒါတွေက စစ်ကြောင်းတွေနဲ့ တပ်ရင်းတပ်ဖွဲတွေကို အဓိက ပေးခဲ့တာရှိတယ်။ အခုကတော့ ဌာနဆိုင်ရာ ရုံးတိုင်း၊ ဝန်ထမ်းအိမ်ရာတွေပါ ဒရုန်းပစ်လက်နက်တွေ၊ Jammer တွေ တင်သွင်းဖို ဆွေးနွေးပြီး စီစဉ် တာ ဖြစ်ပါတယ်။ တရုတ်ဘက်က တင်သွင်းခဲ့တာရှိတယ်။ အစ္စရေးဘက်က ဝယ်ခဲ့တာတွေရှိတယ်။ အခုထပ်သွင်းမှာက အမြန်ဆုံးက တရုတ်ဘက်က ဖြစ်ဖိုများမယ်ထင်ပါတယ်” ဟု နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။
ဒရုန်းပစ်ချသည့် လက်နက်များနှင့် Jammer များကို တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများကို အဓိက ပေးခဲ့ပြီးဖြစ်သော်လည်း လုံလောက်အောင် မပေးနိုင်ခဲ့ကြောင်း၊ ယခုထပ်မံ တင်သွင်းမည့် ဒရုန်းပစ်ချသည့် လက်နက်နှင့် Jammer များကိုလည်း ဌာနဆိုင်ရာရုံးတိုင်း လောက်ငအောင် ရရှိရန် မဖြစ်နိုင်သေးကြောင်း ပြောဆိုသည်။
“ရှေ့မှာ ပမာဏာအများအပြားနဲ့ တင်သွင်းခဲ့တုန်းကလည်း လောက်ငအောင် မပေးနိုင်ခဲ့ဘူး။ အခုလည်း အများကြီး သွင်းမယ်ဆိုပေမယ့် အားလုံး လောက်ငအောင် ပေးနိုင်ဖိုတော့ မလွယ်သေးဘူး။ ရဲစခန်းတွေ လုံခြုံရေးဌာန ဦးစားပေးတပ်ဆင်ဖိုများတယ်။ စျေးသက်သာသာနဲ့ ပေါပေါများများ သွင်းနိုင်တာက တရုတ်ပစ္စည်းတွေပဲ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုပြင် စစ်ဘက်နှင့်အရပ်ဘက်ရုံးများတွင် ဒရုန်းအန္တရာယ်ကာကွယ်ရေး သင်တန်းများလည်း ပိုချရန် ဆွေးနွေးမှုများရှိသဖြင့် များမကြာမီ နိုင်ငံတစ်ဝန်း သင်တန်းများပေးလိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။