စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျောက်ကုန်းကျေးရွာတပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များ ယနေ့(စက်တင်ဘာ ၆ရက်) တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီအထိနာသလို ကာကွယ်ရေးရဲဘော် လေးဦးလည်း ဒဏ်ရာရရှိခဲ့သည်။
“မနက်ကတည်းက ချနေတာပါ။ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက ပိတ်တိုက်နေတာပါ။ ဒီနေ့ခင်းအထိ တိုက်ပွဲသုံးကြိမ်ဖြစ်ထားပါတယ်” ဟု ရှေ့တန်းရောက်ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးက ပြောသည်။
ယနေ့ နံနက် ၁၁နာရီခန့်က တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးသည်ဒဏ်ရာပြင်းထန်ကြောင်း၊ အသက်အန္တရာယ်စိုးရိမ်စရာ မရှိကြောင်း သတင်းရရှိသည်။
” စစ်တပ်ဘက်က တော်တော်အထိနာတယ်။ ကျွန်တော်တို့ရဲဘော်လေးဦးထိပေမယ့် အားလုံး အခြေအနေကောင်းတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ကျောက်ကုန်းဘုန်းကြီးကျောင်းအတွင်း၌ စက်တက်ဘာ ၃ရက်မှစကာ အင်အား ၅၀ ခန့်ဖြင့်တပ်စွဲထားပြီး ကျေးရွာကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စက်တင်ဘာ ၄ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက DY(850) တိုက်ခိုက်ရေးဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု(ULF)မှ ယင်းမာပင်ခရိုင်တက်ရင်း (၂၇)၊ တပ်ရင်း (၃၅)၊ ဗိုလ်မုတ်ဆိတ်၊ ဗျတ္တညီနောင် ၊ နဂါးညီနောင်၊PDA၊ ယင်းမာပင်ခရိုင် Drone Army ၊ MTOF ၊ အမိမြေတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။