မကွေးတိုင်း ယောဒေသ ဂန့်ဂေါမြို့နယ်မှာ ကျွဲ၊နွားတွေ ကူးစက်မြန်ရောဂါ မဖြစ်ပွားအောင် သြဂုတ်(၂၀)ရက်က စတင်ပြီး မြို့နယ်ဖြတ်ကျော် ကူးသန်းရောင်းဝယ်ခွင့်ကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ပိတ်ပင် ထားတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က သတင်းထုတ်ပြန်ပါတယ်။
မကွေးတိုင်း ယောဒေသ ဆောမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲက နွားတွေမှာ ဆာရာရောဂါ ခေါ် သွပ်ရောဂါ တမျိုး ဖြစ်ပွားနေပြီး ဂန့်ဂေါဘက်ကို မကူးစက်အောင် သယ်ဆောင်ရောင်းချခွင့် ပိတ်ထားတာ ဖြစ်တယ်လို့ ဂန့်ဂေါမြို့နယ် ပအဖ ဒု-တာဝန်ခံက ပြောပါတယ်။
“(ကျွဲ၊နွားတွေမှာ) အဖုအပိန်တွေ ဖြစ်နေတာ။ ဂန့်ဂေါမှာတော့ ကျေးရွာ ပကဖ တွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်လိုက်တာပါ။ ဒေသထဲမှာ စိုက်ပျိုးရေး လုပ်တဲ့ သူတွေအတွက် ဒီရောဂါ ဖြစ်လာရင် အကုန် ထိခိုက်ကုန်နိုင်လို့ပါ။ နောက်ပိုင်း ရောဂါ အဖြစ်နည်းသွားရင် ပြန်ခွင့်ပြုမှာပါ ” လို့ ဂန့်ဂေါမြို့နယ် ပအဖ ဒု-တာဝန်ခံက ပြောပါတယ်။
ဒီ ကျွဲ၊နွား ကူးစက်မြန်ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်တွင်း၊ မြို့နယ်ပြင်ပ ကျွဲနွား ကူသန်း ရောင်းဝယ်တာကို ဂန့်ဂေါမြို့နယ် ပအဖ က ပိတ်ပင်ထားပြီး တားမြစ်ချက်ကို ချိုးဖောက်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီ ရောဂါက ကူးစက်မှုနှုန်း မြန်ဆန်ပြီး ရောဂါကူးစက်တဲ့ ကျွဲ၊နွားတွေမှာ နှစ်ပတ်ကနေ လေးပတ် အတွင်း သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိတာကြောင့် ဒေသတွင်း ကျေးရွာတွေက ကျွဲ ၊ နွားတွေမှာ အခုရောဂါ ဖြစ်လာရင် တိရစ္ဆာန်ကုသရေး ကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရဲ့ နယ်မြေ အများစုကို ကာကွယ်ရေး အဖွဲ့တွေက စိုးမိုးထာတာ ဖြစ်ပြီး NUG အစိုးရရဲ့ အုပ်ချုပ်ရေးစနစ်၊ တရားစီရင်ရေးစနစ်ကို စတင် အကောင်အထည်ဖော်နေတာလည်း ဖြစ်ပါတယ်။