အကြမ်းဖက်စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန် နဲ့ မန္တလေး မြို့တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM နဲ့ Pre CDM လွယ်ကူစွာပြုလုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး တော့ လက်ကမ်းစာစောင် ၂၃၀၀ ကျော်ကို ဒီနေ့မှာ ဖြန့်ဝေခဲ့ပါတယ်။
အဆိုပါ လှုပ်ရှားမှုကို ပြည်သူ့ရင်ခွင် (People’s Embrace) ၊ မြို့ပြတော်လှန်ရေးအင်အားစုများဖြစ်တဲ့ Kyimyindaing Networks -K.M.D18) ၊ Mayangone Democratic Front (M.D.F) ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီးတော့ ရန်ကုန်နဲ့ မန္တလေးမြို့တွေရဲ့ အထင်ကရ လူစည်ကားရာနေရာတွေမှာ ဖြန့်ဝေခဲ့ကြတာပါ။
ရန်ကုန်မှာဆိုရင် မရမ်းကုန်း၊ တာမွေ၊ စမ်းချောင်း၊ ဆူးလေ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ မင်္ဂလာဒုံစစ်ဈေးပတ်ဝန်းကျင်တို့မှာ ဖြန့်ကျဲခဲ့တာဖြစ်ပါတယ်။
မန္တလေးမြို့မှာဆိုရင် ဂျာနယ်နဲ့ စာစောင်အမျိုးမျိုးတို့ရဲ့ အတွင်းဘက်စာမျက်နှာတွေမှာ လှုံ့ဆော်စာတွေကပ်ပြီး အခမဲ့ဖတ်ရှုနိုင်ကြောင်းဖြန့် ဝေခဲ့သလို လူစည်ကားရာနေရာတွေဖြစ်တဲ့ ဦးပိန်တံတား၊ မဟာမြတ်မုနိဘုရားကြီး၊ နန်းတွင်း ကျုံးဘေး၊ ကုသိုလ်တော်(သို့)မန်းလေးတောင်တော် တို့မှာ ချထားမျှဝေခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေ့စဉ်ပြည်သူ့ရင်ခွင်ခိုလှုံလာမှုများပြားလာတဲ့အတွက် ၎င်းတို့ဆက်သွယ်ရမယ့်နေရာတွေကို သေသေချာချာသိစေဖို့နဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ မိုက်တွင်းဆက်နက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို အမှန်တရားကိုသိရှိနားလည်လာစေဖို့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ပြည်သူ့ရင်ခွင်က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ပြည်သူလူထုဘက်မှာရပ်တည်လိုတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူ့ရင်ခွင်ရဲ့ တယ်လီဂရမ်ဖြစ်တဲ့ @MyanmarPeople နဲ့ နီးစပ်ရာ ERO ၊ PDF တပ်ရင်းများနှင့် ပကဖများကိုဆက်သွယ် ခိုလှုံနိုင်တယ်လို့ သိရပါတယ်။