ပဲခူးတိုင်း၊ဝေါမြို့နယ်တွင် လွန်ခဲ့သောနှစ်လက စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူငါးဦးမှာသေဆုံးသွားပြီဖြစ်၍ နာရေးပြုလုပ်နိုင်ပြီဖြစ်ကြောင်း မိသားစုဝင်များထံ စစ်ကောင်စီက အကြောင်းကြားလာသည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက်အဆိုပါတိုက်ခိုက်မှုနှင့်ဆက် စပ်သည်ဆိုကာ ဝေါမြို့နယ် ဖိုးစပါယ်ကျေးရွာမှ ပြည်သူသုံးဦးနှင့် ကျုံပါကျေးရွာမှ ပြည်သူနှစ်ဦးတို့ကို စစ်ကောင်စီတပ်က၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ ၅ ဦးတွင် အမျိုးသမီးတစ်ဦးပါဝင်ပြီး ၊ သက်လတ်ပိုင်းတစ်ဦးနှင့် သက်ကြီးပိုင်း ၄ ဦးကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးသွားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခြင်းခံရသူများတွင် ဖိုးစပါယ်ကျေးရွာမှ ၅၂ နှစ်အရွယ် ဦးဝင်းဇော်ဌေး၊ ၅၃ နှစ်အရွယ် ဒေါ်တင်မျိုးခိုင်နှင့် ၄၅ နှစ်အ ရွယ် ကိုဆံရှည်၊ ကျုံပါကျေးရွာမှ ၆၀ နှစ်အရွယ် ဦးမြသိန်း၊ ၃၅ နှစ်အရွယ် ကိုကျော်မြင့်သိန်းတို့ဖြစ် ကြောင်းဒေသခံများထံမှသိရသည်။
“ဖမ်းခံရတဲ့ငါးဦးရဲ့ မိသားစုဝင်တွေဆီကို ရဲကနေတဆင့် ဒီနေ့(ဇွန် ၁၇)မှ စစ်ကောင်စီက အကြောင်းကြားခိုင်းတာ။ ဘယ်အချိန်သေမှန်းလဲမပြောဘူး။ အ လောင်းလည်း မပြဘူး။ ဖမ်းပြီးနှစ်လကြာမှပြောတာ”ဟု ဝေါ ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ဇွန် ၁၇ ရက်တွင် ပြောသည်။
အထက်ပါ ပြည်သူငါးဦး ဖမ်းဆီးခံရသည့်ဖြစ်စဥ်တွင် ကျုံပါရွာမှ ဦးမြသိန်းနှင့် ကိုကျော်မြင့်သိန်းတို့ကို နေအိမ်ခြံဝန်းအတွင်းဝင်ရောက်၍ ပစ်ခတ်ဖမ်း ဆီးခဲ့ခြင်းကြောင့် ဖမ်းဆီးစဥ်ကပင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ် ညောင်ခါးရှည်ရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးတို့ကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ဝေါ ပ.က.ဖ နှင့် ပဲခူးခရိုင် PDF တပ်ရင် ၃၇၀၁ တို့ပူး ပေါင်းပြီး၂၀၂၃ ဧပြီ ၂၇ ရက်ညတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ရဲတပ် သားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထား သည်။