သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ဖို့ အစီအစဉ် ရှိတဲ့ တော်လှန်ပြည်သူတွေအနေနဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ ငွေစာရင်းဖွင့်လှစ်ထားခြင်း ဒါမှမဟုတ် NUGPay အကောင့်ဖွင့်လှစ်ထားခြင်း နည်းလမ်း (၂) မျိုးထဲက တနည်းနည်းကိုရွေးချယ် စီမံ ဆောင်ရွက်ထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက မေတ္တာရပ်ခံတိုက်တွန်းထားတာ တွေ့ရပါတယ်။
သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ဖို့ အစီအစဉ်ရှိတဲ့ ငွေတိုက်စာချုပ်ပိုင်ရှင်တွေအနေနဲ့ https://www.unitedbonds-nug.org/ မှာ ပြန်လည်ရွေးနုတ်တဲ့ ပုံစံ (ဃ) ကို အချက်အလက် မှန်ကန်စွာ ဖြည့်သွင်းဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ပုံစံ(ဃ)ကို အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းပေးတဲ့ ငွေတိုက်စာချုပ်ပိုင်ရှင်တွေဆီကို ရက်သတ္တပတ် ၂ ပတ် ကနေ ၄ ပတ်အတွင်း ရွေးနုတ်ငွေကို ပြန်လည်လွှဲပြောင်း ပေးပို့ပေးသွားမယ်လို့ သိရပါတယ်။
ဒါနဲ့ တဆက်ထဲ Kachin Political Interim Coordination Team – KPICT ကနေ ငွေတိုက်စာချုပ် ဝယ်ယူ ထားသူတွေအနေနဲ့ ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်ခြင်း သို့မဟုတ် အမျိုးသား ညီညွတ်ရေးအစိုးရက ရောင်းချနေတဲ့ မြေကွက်၊ တိုက်ခန်း၊ ရှယ်ယာများအဖြစ် ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း ကိစ္စရပ်တွေကို KPICT ကနေတဆင့်သာ ဆက်သွယ်ဆောင်ရွက်ပေးကြဖို့နဲ့ အသေးစိတ် အစီအမံကို KPICT က တရားဝင်ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သိရပါတယ်။
ပြည်သူလူထုတရပ်လုံး ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကြီးက အရေး အကြီးဆုံး အချိန်ကာလကိုရောက်ရှိနေပြီဖြစ်တာကြောင့် တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက် မဆုတ်မနစ်၊ ထောက်ကူခွန်အားဖြည့်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တိုက်တွန်းထားတာ တွေ့ရပါတယ်။