ကရင်အမျိုးသားအစည်းအရုံး KNU) နယ်မြေ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာထဲကို ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်ခဲ့လို့ ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့မှာထုတ်ပြန်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ (အမတ-၃၁၄) တပ်ရင်းကနေ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးရွာအတွင်း လက်နက်ကြီး (၁)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နော်မုလားဖေ ၅၆ နှစ်၊ နော်မိထူး ၁၈ နှစ်၊ နော်တင်အေး ၅၇ နှစ်၊ စောကူ ၂၅ နှစ်၊ စောစင်မင်းဦး ၅ နှစ်၊ နော်သင်္ကြန်ဖော ၉ နှစ် တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျရောက်မှုကြောင့် ရွှေရောင်ပြကျေးရွာထဲက လူနေအိမ် (၃)လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အမှတ်- (၃၁၄) အမြောက်တပ်ရင်း သထုံမြို့နယ်၊ ရွှေရောင်ပြကျေးနယ်၊ ဇီးဝန်းကျေးရွာအနောက်နီးနား ကဇိုင်း/ထီးဖိုးညလိ့(ဒေသအခေါ်ဝေါ်)မှာ တပ်စွဲထားတယ်လို့ KNU ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲက ကျေးရွာတွေထဲကို နေ့စဉ်ရက်ဆက် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒူးသထူခရိုင် သတင်းနဲ့ပြန်ကြားရေးက ပြောထားပါတယ်။