ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာနယ်မြေအနီးရှိ နမ့်ဆန်ယန်ဒေသသို့ ထိုးစစ်ဆင်ရန် ငြင်းဆန်ပြီး အာဏာဖီဆန်ခဲ့သည့် တပ်ရင်းမှူး သုံးဦးကို ဩဂုတ် ၁၅ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)က ဖမ်းဆီးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်နှင့် ကချင်ဒေသခံတို့ကပြောသည်။
ကချင်ဒေသခံသတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်အရ ထိုးစစ်အစပိုင်းတွင် တိုက်ပွဲဝင်ရန် ငြင်းဆန်သည့် တပ်မ(၈၈) လက်အောက်ခံ ခလရ(၁၂)၊ ခလရ(၁၃)နှင့် ခမရ(၄၁၁)မှ တပ်ရင်းမှူး သုံးဦး အာဏာဖီဆန်၍ အဖမ်းခံထားရသည်ဟု ဆိုသည်။
“ရှေ့တန်းတိုက်ဖို့ အထက်အမိန့်ပေးတယ်။ ဒါပေမဲ့သူက မသွားချင်ဘူးပေါ့။ ဒါကြောင့် ပြန်ခေါက်တယ်ဆိုတော့ အာဏာဖီဆန်မှုနဲ့ အရေးယူထားတယ်လို့ ပြောတယ်။ ကျနော်ထင်တာ ဘာပဲဖြစ်ဖြစ် ရှေ့တန်းထွက်ရင်တော့ သေမှာပဲ။ သေရင်တော့ မိသားစုနဲ့ တွေ့ရမှာ မဟုတ်ဘူး။ အာဏာဖီဆန်မှုနဲ့ သူ့ကို ထောင်ချရုံက လွဲလို့ အခြားမရှိဘူး ။ ၅နှစ်လောက်ထောင်ချမယ်လေ။ ထောင်ချလို့ ပြန်လာရင် မိသားစုနဲ့တွေ့ရမယ်ပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ အတွေးက အဲဒီလိုတွေးပြီးဖြစ်တယ်ထင်တယ်”ဟု ကချင်ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
ဖမ်းဆီးခံထားရသည့် တပ်ရင်းမှူးများအနက် ခလရ(၁၃)တပ်ရင်းမှူးသည် လွန်ခဲ့သည့်လေးရက်တွင် ဗန်းမော်ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)စစ်ကြောရေး၌ သေဆုံးသွားသည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“၁၃ တပ်ရင်းမှူးနာမည်မေးထားတယ်။ သေသွားတာ ၄ရက်ပဲ ရှိသေးတယ်။ အကြီးအကျယ် နာမကျန်းဖြစ်သွားတာ ဆေးကုမပေးဘူးတဲ့”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ဝိုင်းမော်ဘက်မှ မြစ်ကြီးနား-ဗန်းမော် ကားလမ်းအတိုင်း နမ့်ဆန်ယန် ဘက်ဆက်လက်ထိုးစစ်ဆင်ဖို့ ငြင်းဆိုခဲ့သော ခလရ(၃၇)နဲ့ ခမရ(၃၈၇) မှ တပ်ရင်းမှူး နှစ်ယောက်အား မနေ့က တိုင်းစစ်ဌာနချုပ် က လာဖမ်းခေါ်သွားကြောင်း သိရတယ်။ ခဇူးတပ် စခန်းမှ လာခေါ်သွားတာဖြစ်ကြောင်းသိရတယ်။ အဲဒါက မနေ့က ဖြစ်တာ။ တပ်ရင်းမှူး ၂ယောက်က ထောင်ပဲအကျခံမယ်လို့ပြောတယ်”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။