အကြမ်းဖက်စစ်တပ်က ဘာသာရေးအဆောက်အဦးတွေကို ပစ်မှတ်ထား တိုက်ခိုက်ရာ ဦးဇင်းတပါး ၊ ကလေးတဦးနဲ့ ပြည်သူ ၂ ဦး စုစုပေါင်း၄ဦးသေဆုံးသွားတယ်လို့ KNU ဗဟိုက ဒီနေ့ သတင်းထုတ် ပြန်ပါတယ်။
ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၁) ကျောင်း၊ အစ္စလာမ့်ဘာသာဝင်တွေရဲ့ ဗလီ (၁) ကျောင်းနဲ့အစ္စလာမ့် လူမှုကူညီရေး နိဗ္ဗာန်ယာဥ် (၁) စီး ကျည်စ ထိမှန် ပျက်စီးသွားတယ်လို့ KNU ဗဟိုက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ရာ ဦးဇင်းတပါး ၊ ကလေးငယ် တဦး နဲ့ ပြည်သူ (၂)ဦး အသက်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ နို့တကောမြို့နယ် ကြာအင်းဆိပ်ကြီးမြို့အတွင်းကို ဇွန်လ (၂) ရက်မှာ မနက် (၇) နာရီကနေ (၈) နာရီအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ် ကြာအင်းဆိပ်ကြီး အခြေစိုက် ခလရ−၃၂၊ ခလရ−၂၈၃ နဲ့အမှတ် (၁) ဗျူဟာတို့ကနေ (၁၂၀) မမ လက်နက်ကြီးတွေနဲ့ မြေပြင်ကနေ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
ဒီအပြင် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် မော်လမြိုင် (ရတခ) လေတပ်မှ Mi-35P ရဟတ်ယာဉ်နဲ့ မနက် ၇ နာရီ ၄၅ မိနစ်ကနေ ၇ နာရီ ၅၈ မိနစ် အထိ ပြည်သူလူထုကိုပစ်မှတ်ထားတိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၃ ရပ်ကွက် ကမ်းနား ဘုန်းတော်ကြီးကျောင်းနေ ဦးဇင်း ဦးဆန်းဝင်း (၄၆) နှစ်မှာ ကျည်စထိမှန်မှုကြောင့်ကွယ်လွန်သွားခဲ့ရပါတယ်။
ဒါအပြင် ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၆) ရပ်ကွက်နေ (၁) ဦးကရင် (၃၈) နှစ်၊ (၂) ဦးပန်းအေး (၄၉) နှစ်၊ (၃) မောင်အာလီ (၁၃) နှစ်တို့မှာ ကျည်စ ထိမှန် အသက်ဆုံးရှုံးသွားတယ်လို့ KNUဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ဒီအပြင်ကြာအင်းဆိပ်ကြီးမြို့ အမှတ် ၆ ရပ်ကွက်နေ မိသားစုဝင် (၃) ဦးမှာလည်း (ဒဏ်ရာပြင်းထန် စိုးရိမ်ရလို့ အရေးပေါ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က PDF တွေကို ယှဉ်မတိုက်နိုင်တော့တဲ့အဆုံး အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်ရာ နေ့စဥ်နဲ့အမျှ အပြစ်မဲ့ပြည်သူတွေ ကလေးပါအစ အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းပေါင်းများ စွာ ထိခိုက် မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကာ ဘာသာရေး အဆောက်အဦးတွေနဲ့ စာသင်ကျောင်းတွေလည်း ပျက်စီးဆုံးရှုံးနေရပါတယ်။