ရန်ကုန်-မန္တလေး အမြန်လမ်း၊ ၁၁၅ မိုင်မှ စတင်ကာ စစ်ကောင်စီတပ် အင်အား အများအပြားနဲ့ လုံခြုံရေး ယူထားပြီး ဖမ်းဆီးမှု ပြုလုပ်ဖို့ အတွက် ပြင်ဆင်မှုတွေ ရှိနေတယ်လို့ မျက်မြင်တွေ့သူ ယာဉ်မောင်း တစ်ဦးက အတည်ပြု ပြောပါတယ်။
ဒီကနေ့ မေလ ၅ ရက်၊ နေ့လယ်ပိုင်းမှ စတင်ကာ ၁၁၅ မိုင်မှာ မျက်မြင် စစ်သား ၆ ယောက် ပေါ်ပေါ်ထင်ထင် လုံခြုံရေး ယူထားပြီး မိုင်တိုင် အမှတ် ၁၀၀ မှ စတင်ကာ စစ်ကားတွေနဲ့ အသင့်စောင့်နေကြတယ်လို့ အမြန်လမ်း အသုံးပြုနေသူ တစ်ဦးက ပြောပါတယ်။
“ဘာလို့လဲ မသိဘူး။ ဒီနေ့ ၁၁၅ မိုင်ကနေ ရန်ကုန်ဘက်အထိ စစ်တပ်ကကောင်တွေ အများကြီး ရှိနေတယ်။ အိမ်စီးကားတွေ ကိုတော့ သာမန် လောက်ပဲ စစ်နေတာ။ သတင်း တစ်ခုခုရလို့ အပိုင်စောင့်ဖမ်းဖို့ လုပ်နေတဲ့ ပုံစံမှာ ရှိတယ်။ လမ်းဟောင်း ဘက်ကတော့ ဘယ်လို အခြေအနေ ရှိမလဲတော့ မသိသေးဘူး။ ရန်ကုန် အဝင်ကို သေချာ စစ်ဆေးဖို့ လုပ်နေကြတာ” လို့ သူကပြောပါတယ်။
မေလ ၄ ရက်နေ့ ညနေပိုင်းက မြဝတီမြို့၊ စိမ်းလဲ့မြိုင်ကားဝန်းမှ ရန်ကုန်မြို့သို့ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပေးလိုက်တာကို စစ်ကောင်စီတပ်က စစ်ဆေး တွေ့ရှိပေမယ့် အဆိုပါ ခရီးသည်တင်ယာဉ်ကို ဟန်မပျက် လွှတ်ပေးလိုက်ပြီး ရန်ကုန်မှာ လာထုတ်တဲ့ ကွင်းဆက်ကို ထောင်ဖမ်းဖို့ လုပ်နေတာ ဖြစ်တယ်လို့ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ပြောပါတယ်။
အောင်မင်္ဂလာ ကားဝန်းထဲမှာလည်း ဒီကနေ့ မနက်ပိုင်းက စတင်ပြီး အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အများအပြား မြဝတီက လာမယ့် ကားတွေကို စစ်ဆေးဖို့ ရောက်ရှိနေတယ်လို့ အဆိုပါ ကားဝန်း အတွင်း နေထိုင်သူတွေက ပြောပါတယ်။