စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ စစ်ကောင်စီအထိုင်ချထားတဲ့ ကျောက်ရစ်ကျေးရွာ နယ်မြေရဲစခန်းကို ဇူလိုင် ၁၉ ရက် မနက် ၉နာရီကျော်မှာ ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bagan Ogre Forceကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိတဲ့ အဲ့ဒီရဲစခန်းကို ယနေ့ မှာကျရောက်တဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။
” ၂လုံးမှာ တလုံးက စခန်းထဲကွက်တိကျသွားပြီးတော့ နောက်တလုံးက စခန်းဘေးကျသွားတယ်။ သေဆုံး၊ ဒဏ်ရာရစာရင်းကို မသိရသေးဘူး ။ ကျနော်တို့က မီတာ ၂၀၀အကွာကနေ ပစ်ခတ်ခဲ့တာ” လို့ Bagan Ogre Force မှတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် စခန်းထဲက စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ၈ မိနစ်ခန့် ပစ်ခတ်ခဲ့ပေမယ့် Bagan Ogre Forceမှရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက် မှာလည်း အဲ့ဒီကျောက်ရစ်ရဲစခန်းမှာ မွေးနေ့ပွဲကျင်းပနေတာကို Myaung Special Drone Force (MSPDF) တပ်ဖွဲ့နဲ့ CHU PDF တပ်ဖွဲ့တို့နဲ့ ပူးပေါင်းအဖွဲ့တို့က ဒရုန်း ၂စီး နဲ့ အီနာဂါဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။