မန္တလေး ရတနာပုံတက္ကသိုလ်အရှေ့ မှာ တပ်စွဲထားတဲ့ စစ်အုပ်စုအဖွဲ့ဝင်တွေ အနီးကို ဒီကနေ့ညနေပိုင်းမှာချိန်ကိုက်မိုင်းထောင် ဖောက်ခွဲခဲ့တယ် လို့ Ditful Citizen Team က ထုတ်ပြန်ပါတယ် ။
ဇူလိုင် (၁၉) ရက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ ရတာနာပုံတက္ကသိုလ်ရှေ့မှာတပ်စွဲထားတဲ့ စစ်အုပ်စုကို ဒီကနေညနေ (၃) နာရီခွဲခန့်မှာ ချိန်ကိုက်မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်
” ကျနော်တို့က မန္တလေး အဖွဲ့တော့မဟုတ်ဖူး ၊ လမ်းကြုံလို့၀င်လုပ်ခဲ့တာဗျ ၁၉ ဇူလိုင်မှာ ငါတို့ တိတ်မနေဘူး ငြိမ်မနေဘူးဆိုပြီးလုပ်ခဲ့တာဗျ၊ မနက်ကတည်းက ကြိုးစားတာ ၊ မိုင်းတချို့ မကွဲတာနဲ့ညနေသုံးနာရီလောက်မှာထပ်လုပ်တာ(၃) နာရီခွဲမှာကွဲတာ ။ စစ်ကောင်စီတပ်သားတွေဘန်ကာထဲကနေကြည့်နေတာကို ဟန်မပျက်သွားပြီး အသံမိုင်းကိုချခဲ့တာဗျ ၊ အထိအခိုက်တော့မရှိနိုင်ဘူး အထိမ်းအမှတ်ဖြစ်အောင်ဗျ ၊ တစ်မြို့လုံးနိုင်ငံရေးကိုမေ့နေမှာဆိုးလို့ ” လို့ MFP ကိုပြောပါတယ်။
လက်ရှိမှာ တက္ကသိုလ် ပိတ်ထားတဲ့အချိန်ဖြစ်တာကြောင့် ကျောင်းသားကျောင်းသူတွေ မထိခိုက်ဘူးလို့ယူဆရနိုင်ပြီး ကျောင်းသားတွေ နဲ့ လွတ်တဲ့နေရာကို ရွေးပြီးဖောက်ခွဲခဲ့တာလို့သူကပြောပါတယ် ။
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်အုပ်စုအနေနဲ့ ရတနာပုံတက္ကသိုလ် အနီးသွားလာနေတဲ့ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ စစ်ဆေးနေတယ်လို့ လည်းဒေသခံတွေကပြောပါတယ်။
၁၉ ဇူလိုင် အာဇာနည် နေ့ အထိမ်းအမှတ် အသံသပိတ် အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူတွေ အထိန်တလန့်ဖြစ်သွားရင်တောင်းပန်တယ်လို့လည်း အဲ့ဒီအဖွဲ့တာဝန်ရှိသူကပြောပါတယ် ။
ဒါ့အပြင် အခုဆောင်ရွက်မှုနဲ့ပတ်သက်ပြီး နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ကြိုတင်မချိတ်ဆက်နိုင်ခဲ့တဲ့အတွက် တောင်းပန်တယ် လို့လည်းသူတို့အဖွဲ့ရဲ့ Page မှာရေးထားပါတယ်။
ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားအတွက် စစ်အုပ်စုအနေနဲ့ ရန်ကုန် အပါအဝင် မြို့ကြီးတချို့ကလူစည်ကားရာနေရာတွေမှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားခဲ့တယ်လို့ လည်း ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ် ။