ကရင်နီပြည်နယ်မှာ ဩဂုတ်လတလအတွင်း KNDF ပါဝင်တဲ့တိုက်ပွဲပေါင်း (၅၀) ကျော်ဖြစ်ပွါးပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၁၀) သေဆုံးကာ (၄၀) ကျော်ဒဏ်ရာရတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။
ဒီးမော့ဆို နဲ့ ဖရူဆို စစ်မျက်နှာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ဒု-ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ထိခိုက်ကျဆုံးမှုတွေ များပြားခဲ့တာဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်သုံးပန့် (၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ငယ် (၁၅) လက်နဲ့ လက်နက်ကြီး (၁) လက် အပါအဝင် ဆက်စပ်ခဲယမ်းတွေလဲ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ဒါ့ပြင် ဩဂုတ်လတလအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု (၄၅) ကြိမ် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ယောက် သေဆုံးကာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ (၂) ယောက် ထပ်မံ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါနဲ့ တဆက်ထဲ အကြမ်းဖက်စစ်ကောင်စီဘက်က DRONE နဲ့ လာရောက်တိုက်ခိုက်တာကြောင့် ကလေးငယ် (၃) ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဩဂုတ်လအတွင်း လူနေအိမ်အလုံး (၂၀) ပျက်ဆီးခဲ့ကာ ခရစ်ယာန်ဘုရားကျောင်း (၁) ကျောင်း နဲ့ စာသင်ကျောင်း (၂) ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး တိုက်ပွဲတွေဖြစ်ပွါးတဲ့ ကျေးရွာတွေထဲကို အကြမ်းဖက်စစ်တပ် မီးရှို့ ဖျက်ဆီးတာကြောင့် လူနေအိမ် (၁၈) လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂ ရက်နေ့ကစပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ဖို့အတွက် လမ်းမကြီး ဘေး ဝဲ ယာ က ရွာတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ တပ်မ (၅၅) တပ်ရင်း က စစ်ကြောင်း (၃) ကြောင်းနဲ့ ဒီးမောဆိုနဲ့ ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာကနေ ဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာနဲ့ ဒေါညေးခူကျေးရွာတွေအထိ စစ်ကြောင်းထိုးကာတပ်စွဲထားတာကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။
ဒီဩဂုတ်လ တိုက်ပွဲအတွင်း ဒီမော့ဆို့မြို့နယ် စစ်မျက်နှာမှာ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရင်း KNDF ရဲဘော် (၅) ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။