ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ နံနက်မှစ၍ ၎င်း၏ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့အနီးနှင့် မြစ်ကြီးနား – ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ရက္ခိုင့်တပ်တော်(AA)သည်လည်း ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AAက အသိပေးထုတ်ပြန်သည်။
လိုင်ဇာအနီး နှင့် ခါရာဘွမ်၊ အင်တပ်ဘွမ်၊ ဖုန်ပျံဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ပွိုင့် (၉၃၆) ကုန်း၊ ခမ်းကိုင်ဘွမ်၊ ပွိုင့်(၂၅၉) လေယာဉ်ကွင်းစခန်းအပါအဝင် အခြားသောစခန်းအချို့တို့ကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။
ရက္ခိုင့်တပ်တော်အနေဖြင့်လည်း အဆိုပါထိုးစစ်များတွင် မဟာမိတ် KIAနှင့် ပူးတွဲစစ်ရေးလှုပ်ရှားလျက်ရှိသည့်အပြင် သီးသန့်တာဝန်ယူပြီး ထိုးစစ်များကို ဆင်နွှဲလျက်ရှိသည်ဟု ဆိုသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက် မြို့နယ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်း၊ ပွိုင့် (၂၅၉) လေယာဉ်ကွင်းစခန်းကုန်းနှင့် ဒေါ့ဖုန်းယန်မြို့နယ်အနီးရှိ ရန်သူ၏ ပွိုင့် (၆၁၁) (Ntap Bum) စခန်းကုန်းအား AAက ထိုးစစ်ဆင်နေကြောင်း ဖော်ပြသည်။
ရန်သူ့တပ်ရင်းများမှ လက်နက်ကြီးများဖြင့်အပြင် လေကြောင်းမှပါ တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပြည်သူ့ဆေးရုံအနီးသို့ လက်နက်ကြီးထိမှန်ကျရောက်ခဲ့ပြီး လိုင်ဇာမြို့နှင့် ထိစပ်နေသည့် တရုတ်နယ်စပ်မြို့ဘက်သို့လည်း လက်နက်ကြီးအချို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။
ကချင်စစ်ရေးသတင်းအချို့က ယမန်နေ့ မတ်လ ၇ရက် KIAနှင့် မဟာမိတ်များ၏ ထိုးစစ်အတွင်း စစ်ကောင်စီတပ်စခန်း ၁၀ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်စစ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်ဟု ပြောသည်။
ရက္ခိုင်ဒေသ စစ်ရေး အခြေအနေကို ဖော်ပြရာ ရက္ခိုင်ဒေသစစ်ဆင်ရေး (၁၁၆)ရက်အတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို သိမ်းပိုက်ရယူထားပြီးဖြစ်သကဲ့သို့ နောက်ထပ်ကျန်ရှိနေသေးသောရန်သူ့စခန်းများကို ထပ်မံသိမ်းပိုက်ရယူနိုင်ရန် အတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိဟု အသိပေးသည်။
ရက္ခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ ရန်သူ့လက်ကျန်စခန်းအချို့အား ယခင်ရက်များနည်းတူ ရက္ခိုင့်တပ်တော်မှ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ ရသေ့တောင်မြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈)တို့ကို ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံလျက်ရှိသော်လည်း ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရယူရန် ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်း AAက ထုတ်ပြန်သည်။
ရမ်းဗြဲမြို့ တိုက်ပွဲများအတွင်း ရန်သူ၏ မြို့တွင်းလက်ကျန်အင်အာ;နှင့် စစ်ကူအင်အားများကို ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းလျက်ရှိပြီး ထွက်ပြေးနေကြသည့်ရန်သူများကိုလည်း ဆက်လက်ချေမှုန်း တိုက်ခိုက်လျက်ရှိသည်ဟု AAက အသိပေးသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် အပြီးသတ်သိမ်းပိုက်ရယူရန်သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ချေမှုန်းတိုက်ခိုက်လျက်ရှိရာ ထိုးစစ်များအတွင်း လက်နက်ချအညံ့မခံဘဲ ထွက်ပြေး လွတ်မြောက်လျက်ရှိနေ သည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။