ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ ရေဘေးကြုံတွေ့နေစဉ် ဖားကန့်မြို့တွင်လည်း ဥရုချောင်းရေမြင့်တက်လာပြီး လူနေရပ်ကွက်များအတွင်း ရေကြီးနစ်မြုပ်မှု စတင်ဖြစ်ပေါ်နေသည်။
“လုံးခင်းမှာ ရေစဝင်နေပြီ။ ဥရုချောင်းရေက ဆယ်ပေကျော်ပြီတက်လာတာ။ မိုးလည်း သဲသဲမဲမဲဆက်ရွာနေပါတယ်။ ဖားကန့်က ရေကြီးရင် တော်တော်ဆိုးတာမို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့လိုပါတယ်’ ဟု လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။
ဥရုချောင်းရေသည် ယနေ့(ဇူလိုင် ၁) နံနက်မှစ၍ မြင့်တက်လာပြီး လူနေရပ်ကွက်များအတွင်း ရေကြီးနစ်မြုပ်မှု စတင်ဖြစ်ပေါ်နေသည်။ယနေ့ ညနေပိုင်းတွင် ဖားကန့်မြို့နယ်အတွင်းမှာ လုံးခင်း၊ ဆန်ခါမှော်၊ မဇွပ်ယန်ကျေးရွာတို့ ရေကြီးရေလျှံနေပြီဟု ဒေသခံများကပြောသည်။ ထို့အပြင် ဖားကန့်မြို့ ပေါ်ရပ်ကွက်များဖြစ်သော ဌက်ပျောတော၊မရှီကထောင်ရပ်ကွက်များအတွင်း ရေစတင်ဝင်ရောက်နေပြီဟုဒေသခံများကပြောသည်။
ဌက်ပျောတော၊မရှီကထောင်ရပ်ကွက်များသည် ရေကြီးနစ်မြုပ်ပါက နှစ်ထပ်အိမ်များ အပေါ်ထပ်ပါနှစ်မြို့သည်အထိရေကြီး လေ့ရှိသည်။
မိုးသည်းထန်စွာရွာသွန်းနေသည့်ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်အထက်ငါးပေ ကျော် မြင့်တက်နေပြီး မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့၊ ဆွမ်ပရာဘွမ်၊ ချီဖွေမြို့တို့၌ ရေဘေးကြုံတွေ့နေသည်။ ဒေသတွင်း မြစ်ချောင်းများရေကြီးပြီး ဖားကန့်နှင့်ဗန်းမော်မြို့တွင်လည်း ရေစတင်ဝင်ရောက်နေသည်။
ရေဘေးသင့်လူဦးရေစာရင်းကိုမသိရသေးပေ။ ကူညီကယ်ဆယ်ရေးများလိုအပ်နေကြောင်း ဒေသခံများကပြောသည်။
ကချင်ပြည်နယ်တွင် ဇူလိုင် လ ၇ရက်ခန့်အထိ မိုးကောင်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယနေ့ သတိပေးချက်ထုတ်ပြန်ထားသည်။