ကချင်ပြည်နယ်အတွင်း KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာဒေသနဲ့ ဖားကန့်ဒေသမှာ စစ်ရေးလှုပ်ရှားမှု ပိုမိုပြင်းထန်လာနိုင်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်ခြေရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့က KIA တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နမ်ဆန်ယန်ကျေးရွာအနားက လိုင်လွမ်အောင်ဂျာတပ်စခန်းအနီးမှာ စစ်ကောင်စီတပ်တွေ ပိတ်မိနေပြီး အဆိုပါတပ်တွေကို ကယ်ထုတ်ဖို့ စစ်ကောင်စီစစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့ KIO ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
“ပြင်းထန်လာနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။ လိုင်လွမ်အောင်ဂျာတပ်စခန်းထဲမှာ စစ်ကြောင်းတွေက ဝင်ကြမှာဖြစ်ပါတယ်။ သူတို့ကိုလာကူဖို့၊ လာကယ်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် ခုထိ နှစ်လကျော်၊ သုံးလနီးပါးရှိပြီ။ အောင်ဂျာစခန်းဘက်ကို စစ်ကြောင်းတွေက မဝင်ရဘူး။ ဆိုတော့ သူတို့ (စစ်ကောင်စီ) အတွက်လည်း လိုင်လွမ်အောင်ဂျာကို မရရအောင် ကယ်ရမှာဖြစ်ပါတယ်။”
တစ်ပတ်တာလုံး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာလည်း နမ်ဆန်ယန်ကျေးရွာနဲ့ လိုင်လွမ်အောင်ဂျာကျေးရွာ တစ်ဝိုက်မှာ တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
မန္တလေးဘက်ကနေ စစ်ကောင်စီသင်္ဘောတွေနဲ့ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး လိုင်ဇာဘက်ကို စစ်ကြောင်းထိုးလာတာတွေရှိပြီး လိုင်ဇာနယ်မြေအတွင်းမှာ စစ်ကောင်စီအင်အား တစ်ထောင်ကျော် ရှိနေတဲ့အတွက် စစ်ရေးဟာ ပြင်းထန်ကြာရှည်နိုင်တယ်လို့ ဆိုပါတယ်။
လိုင်ဇာဘက်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ ဖားကန့်မြို့နယ်အတွင်းမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်နေပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) ရုံးနဲ့ ရဲစခန်းကုန်းကို KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး MA-4 သေနတ်နှစ်လက် သိမ်းဆည်းရမိတယ်လို့ KIA နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“သူတို့ဆီက လက်နက်လည်း နှစ်လက်သိမ်းဆည်း ရမိတယ်တဲ့။ စရဖရုံးမှာ သိမ်းမိတာလို့ ကြားတယ်။”
အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ စရဖအရှိတစ်ဦးနဲ့ သူ့ကိုလုံခြုံရေး ယူပေးနေသူနှစ်ဦးကို KIA နဲ့ PDF တွေက သွားရောက်ပစ်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် KIA၊ KPDF က ဆိုင်းတောင်ကျေးရွာအတွင်းမှာ နေထိုင်တဲ့ ဒေသခံတွေအနေနဲ့ အရေးပေါ်အခြေနေတွေ ဖြစ်ပေါ်လာတယ်ဆိုရင် အန္တရာယ်နဲ့ဝေးရာကို ထွက်ပြေးဖို့နဲ့ စစ်ကောင်စီတွေနဲ့အတူ ယှဉ်တွဲသွားလာခြင်းမပြုဖို့ စက်တင်ဘာ ၂၅ ရက်နေ့က သတိပေးစာထုတ် ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ကလည်း မြစ်ကြီးနား – ပူတာအို ကားလမ်းမှာရှိတဲ့ ဒရူးခတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီလမ်းပိုင်းမှာ နှစ်ဖက်စစ်ရေး လှုပ်ရှားမှုရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။