မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းရဲစခန်းမှ ဒုရဲအုပ် ၁ ဦးထွက်ပြေးသွားပြီးနောက် အကြမ်းဖက် စစ်တပ်က ကျိုက်ထို-ဘီးလင်း နယ်စပ်ရှိ စစ်ဆေးရေးဂိတ်များကို ပိတ်ဆို့ရှာဖွေနေလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဇွန် ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ကင်မွန်းချောင်းနယ်မြေရဲစခန်းမှ ဒုရဲအုပ်သည် နေ့စဥ် ပုံမှန် တန်းစီချိန်တွင် လာရောက်ခြင်းမရှိသောကြောင့် ၄င်းနေထိုင်သည့် နေအိမ်လိုင်းခန်းကို သွားရောက် ရှာဖွေစဥ် နေအိမ်လိုင်းခန်းအတွင်း ၎င်းကိုင်ဆောင်သည့် သေနတ် ၃၈ ဗို့ ခလပ ၁ လက်၊ ကျည် ၁၂ တောင့်တို့ကိုထားခဲ့ကာ ထွက်ပြေး သွားကြောင်း သိရှိရသည်။
အဆိုပါ ထွက်ပြေး တိမ်းရှောင်သွားသော ဒုရဲအုပ်ကို နယ်ထိန်း အရာရှိအဖွဲ့ကရှာဖွေလျက်ရှိပြီး အကြမ်းဖက် စစ်တပ်မှလည်း ဘီးလင်းမြို့နယ်၊ ရွှေသံလွင်တိုးဂိတ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း စစ်ဆေးရေးစခန်း၊ မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်တို့ကို ပိတ်ဆို့ ရှာဖွေ လျက်ရှိကြောင်း သိရှိရသည်။