သရက်ချောင်းမြို့နယ်၊ ကတွဲရွာက နေအိမ်တစ်ဆောင်ကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကညနေ ၄ နာရီလောက်မှာ ကတွဲရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ကုန်ခြောက်ဆိုင်နဲ့တွဲဖွင့်ထားတဲ့ ပျဥ်ထောင်အိမ်တစ်ဆောင်ကိုမီးရှို့ခဲ့တ်လို့ဆိုပါတယ်။
“သူ့ဆိုင်မှာ ဆန်၊ဆီ၊ဆား၊ကြက်သွန်၊အကုန်ရောင်းတယ်။ စစ်တပ်က ဒီတိုင်းတွေ့ကရာပဲ ရှို့သွားတယ်ထင်တယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၂၄၀ ရှိတဲ့ ကတွဲရွာဟာ လက်ရှိမှာတော့ ရွာလုံးကျွတ်စစ်ဘေးရှောင်ပြေးနေရပါတယ်။
ရငဲရွာ၊ မြွေတောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခုလ ၂၀ ရက်နေ့က တပ်ဆုတ်သွားပြီး ၄ ရက်အကြာမှာ စစ်ကြောင်းပြန်ဝင်လာခဲ့ပါတယ်။ စစ်ကြောင်းပြန်ဝင်လာတဲ့နေ့မှာပဲ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
ကတွဲရွာဟာ ရငဲရွာနဲ့ သုံးမိုင်ဝန်းကျင်ပဲ အကွာအဝေးရှိပါတယ်။
လက်ရှိမှာတော့ မြိတ်-ထားဝယ်ကားလမ်းမပေါ်က ဘုတ်တောင်နဲ့ ရငဲရွာရဲ့ မြွေတောင်တွေပေါ်မှာ စစ်ကောင်စီတပ်သားတွေတပ်စွဲနေထိုင်နေတယ်လို့ သိရပါတယ်။