ကရင်နီပြည် ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၄) မှ ရဲဘော် ဝင်းမောင်(ခ)ဆီမိုးနယ် ကျဆုံးခဲ့ပြီး ဈာပနပြုလုပ်ခဲ့တယ်လို့ KNDF တပ်ရင်းအမှတ် (၄)က ဒီကနေ့ (ဩဂုတ်လ ၁၃ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ(၉)ရက်နေ့ ထိတွေ့တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။ ရဲဘော် ဆီမိုးနယ်ကတော့ ၂၀၂၁ခုနှစ် ဇွန်လ(၂၇)ရက်နေ့မှာ ရဲဘော်အဖြစ် စတင်တာတန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး တာဝန်ထမ်းဆောင်ကာလ နှစ်နှစ်ကျော်မှာ ကျဆုံးခဲ့ရတာဖြစ်ပါတယ်။ ကျဆုံးချိန် ရဲဘော် ဆီမိုးနယ်ဟာ အသက် (၁၉)နှစ်ရှိပြီဖြစ်ပါတယ်။
သြဂုတ်လ ၂ရက်နေ့ကစပြီး ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးနဲ့ အနီးအနားက တောင်ကြောတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာ ဒီကနေ့ အချိန်ထိ ဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ(၂)ရက်နေ့မှာလည်း ကရင်နီပြည်အတွင်း တိုက်ပွဲတစ်နေရာမှာ KNDFတပ်ရင်းအမှတ်(၆) ရဲဘော် တစ်ဦး ကျဆုံးခဲ့ပါတယ်။ လက်ရှိအချိန်ထိ ကရင်နီပြည် ရဲ့ မြို့နယ်တိုင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေဆဲဖြစ်ပါတယ်။