သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာဘက်ကို စစ်ကောင်စီတပ်ကအင်အားတစ်ရာကျော်နဲ့ စစ်ကူသွားရောက်ချိန် လမ်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ထားဝယ်ဘက်ကဆင်းတဲ့ မြေတင်ကား ၄ စီး အပါအဝင်စုစုပေါင်း ကား ၆ စီးက မင်းဒပ်ရွာကိုရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ဝင်းဝတံတားအနီး မှာကားရပ်ပြီး မွန်းလွဲ ၁နာရီခွဲလောက်မှာ စစ်ကူအင်အား ၁၂၀ ဝန်းကျင်နဲ့ ကနက်သီရိရွာဘက်ကို စစ်ကူဝင်ရောက်နေတာပါ။
အခုညနေ ၄ နာရီဝန်းကျင်လောက်မှာတော့ ကမြိုင်ရွာနဲ့ဝဲရစ်ရွာကြားက ဝဲရစ်သင်္ချိုင်းအနီးမှာ မိုင်းဆွဲခံရပြီး အဲဒီနောက်ပိုင်းမှာလည်း ကမြိုင်ရွာတဝိုက်မှာ နှစ်ဖက်ပစ်ခတ်သံတွေကိုကြားရတယ်လို့ဒေသခံကဆိုပါတယ်။
“သူတို့ကကားနားမှာတချို့ထားခဲ့ပြီး ခြေလျင်ဆင်းတာ။ အထဲမှာရှိတဲ့စစ်သားတွေနဲ့ ဒဏ်ရာရနေတဲ့သူတွေကိုလာခေါ်တာလို့ထင်တယ်” လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
အခုညနေပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုအသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။
ကနက်သီရိရွာမှာတော့ ပြီးခဲ့တဲ့နှစ်ရက်ကတည်းက စစ်ကောင်စီတပ်သားတချို့ရောက်ရှိနေပြီ နေအိမ်တစ်ဆောင်ကိုမီးရှို့ထားသလို ရွာသားအများအပြားကိုလည်း ဘုရားကိုးဆူတောင်ပေါ်ကျောင်းမှာဖမ်းဆီးထားပါတယ်။
“ဘုန်းကြီးတွေအပါအဝင်ဆို ၅၀လောက်ကိုဖမ်းထားတာ။ အဆက်သွယ်လည်းဖြတ်ထားတယ်။ ဖုန်းတွေလည်းဆက်လို့မရဘူး” လို့ရွာခံအမျိးသမီးတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက အများစုဟာ အမျိုးသားတွေဖြစ်ပြီး အမျိုးသမီးကတော့ ၁၀ ဦးဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲက ၄ ဦးထွက်ပြေးတာကြောင့်စစ်ကောင်စီတပ်ကပစ်ခတ်ချိန် ၃ ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
ကနက်သီရီရွာထဲက ရွာသားတွေနီးစပ်ရာထွက်ပြေးနေကြရပြီး အသက်ကြီးပိုင်းရွာခံတွေကတော့ ရွာမှာပဲရှိနေကြသေးတယ်လို့သိရပါတယ်။
အဲဒီရွာမှာရှိနေတဲ့စစ်ကြောင်းမှာတော့ စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ရှိပြီး အခုလ ၈ ရက်နေ့မနက်ပိုင်းက ကမြိုင်ရွာနဲ့ရငဲရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတဲ့စစ်ကြောင်းလည်းဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေကို လက်ရှိတပ်စွဲထားတဲ့ဘုန်းကြီးကျောင်းမှာကုသနေတယ်လို့သိရပါတယ်။