သရက်ချောင်းမြို့နယ်ထဲက ကနက်သီရိရွာက အရပ်သား ၄၀ ကျော်ကို စစ်ကောင်စီတပ်ကဖမ်းဆီးထားပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းထားတဲ့ ကနက်သီရိရွာသားတွေကို စစ်ကောင်စီတပ်သားတွေက သူတို့တပ်စွဲထားတဲ့ ရွာဘုန်းကြီးကျောင်းထဲမှာ လူသားဒိုင်းကာအနေနဲ့ထားထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“PDF တွေက လမ်းပိတ်ထားလို့ ထွက်လို့မရဘူးကြားတယ်။ ဒါကြောင့်ရွာသားတွေကို ဖမ်းပြီး ဓားစာခံလုပ်ထားတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာထဲကို ရောက်နေတဲ့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၃၀ ကျော်ပါတဲ့ခြေလျင်စစ်ကြောင်းဖြစ်ပြီး ဒီကနေ့မနက်အစောပိုင်းက လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ကြပါသေးတယ်။
ဒေသခံက “ရွာဆိုင်းဘုတ်နားကနေ လက်နက်ကြီးတွေနဲ့ရွာထဲကို ပစ်ထည့်တာ။” လို့ မနက်က အခြေအနေကို ပြောပြပါတယ်။
အဲဒီစစ်ကြောင်းဟာ မနေ့ကမနက်ပိုင်းမှာ ဝင်းဝရွာရဲစခန်းကနေထွက်သွားတဲ့ စစ်ကြောင်းဖြစ်ပြီး ကမြိုင်ရွာနဲ့ ရငဲရွာကြားမှာ တိုက်ခိုက်ခံခဲ့ရပြီးနောက် ကျွဲမင်းကုန်းရွာက အရပ်သား ၃ ဦးကိုဖမ်းဆီးကာ ပင်လယ်ကမ်းခြေရွာ ဖြစ်တဲ့ ကနက်သီရိကို ချီတက်လာတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ မနက်၁၀ နာရီခွဲလောက်မှာ ကနက်သီရိရွာအနီးကို စစ်သင်္ဘောတစ်စီးရောက်လာပြီး ရွာဘုန်းကြီးကျောင်းမှာ အင်အားတိုးတပ်စွဲတာ ရွာထဲမှာကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ရွာထဲက နေအိမ်တွေကို မီးရှို့ခဲ့ရာ မီးရှို့ခံရတဲ့အိမ်တစ်ဆောင်မှာ အဘွားအိုတစ်ဦးနဲ့ ကလေးငယ်တစ်ဦး မီးထဲပါသွားတယ်လို့ ပြောဆိုနေကြတာတွေလည်းရှိနေပေမဲ့ အတိအကျတော့ မသိရသေးပါဘူး။
“မီးရှို့ခံရတဲ့အိမ်တွေက ရွာထိပ်က ဘုရားကျောင်းရှေ့က အိမ်တွေ။ PDF တွေနဲ့ချိတ်ဆက်ရှိတယ်ထင်တဲ့ အိမ်တွေလည်းရှို့နေတယ်။ အခု ဘဲစားတန်းဘက်က အိမ်တွေထပ်ရှို့ဖို့လုပ်နေပြန်ပြီ။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက အခုညနေလေးနာရီခွဲလောက်မှာ ပြောပါတယ်။
ကနက်သီရိရွာက ဒေသခံတချို့ကတော့ နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ ခြံတွေထဲကို စစ်ဘေးရှောင်ပြေးနေကြရတယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်အတွင်းမှာ စစ်ရေးအခြေအနေတွေကြောင့် မြိတ်-ထားဝယ်ကားလမ်းကို ည ၉ နာရီနောက်ပိုင်းအသုံးပြုသွားလာတာမလုပ်ကြဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး စာထုတ်ပြန်ကြေညာထားပါတယ်။