စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီစစ်ဆင်ရေးအတွင်း ရန်သူတပ်သား ၄၇ ဦးကို သုတ်သင်နိုင်ခဲ့ပြီး ရန်သူ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန က ဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။
၁၁ ရက်ကြာ မြို့ထိန်း စစ်ဆင်ရေးအဖြစ် မတ် ၂ ရက်နေ့မှ စတင်ကာ ၁၂ ရက်နေ့အထိ ၊ ၁၁ ရက်ကြာစစ်ဆင်ရေးအဖြစ် ရန်သူစစ် ယန္တရား အထိနာအောင် အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင် ကွပ်ကဲမှု နဲ့ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။
ဒီတိုက်ပွဲအတွင်း ရန်သူစစ်တပ်ထံမှ ၈၁ မမ အပါအဝင် လက်နက် ၁၁ လက်၊ ခဲယမ်း အမြောက် အများ သိမ်းဆည်းရခဲ့တယ်လို့ ပြောပါတယ်။
ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် အထိနာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရဟတ်ယာဥ်၊ ဂျက်တိုက် လေယာဥ်များဖြင့် လေကြောင်းမှ ၅၄ ကြိမ်ပစ်ကူပေးခဲ့ပြီး၊ Y-12 လေယာဥ် ဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော်ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
အထက်ပါ တိုက်ပွဲဖြစ်စဥ်အပြီး ရန်သူတပ်သား အလောင်း ၁၁ လောင်း မျက်မြင်တွေ့ရှိခဲ့ကာ အကြမ်းဖက်တပ်သား ၄၇ ဦး သေဆုံး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး PDF ပူးပေါင်းအဖွဲ့မှ ရဲဘော် ၁၁ ဦး အသက်ပေးလှူခဲ့တယ်လို့ အသိပေးပါတယ်။
လတ်တလော အခြေအနေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ မြေပြင် အင်အား အင်မတန်သုံးပြီး မြို့ကိုဖျက်ဆီး နေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေနဲ့ ယာယီခွာစစ်ဆင်ထားပြီး၊ စစ်ရေးရည်မှန်းချက်ပြီးမြောက်တဲ့အထိ ဆက်လက် ဖော်ဆောင်မှာ ဖြစ်တယ်လို့ ပြည်သူ့စစ်ရုံးချုပ်မှ ထုတ်ပြန်ထား ပါတယ်။
အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ (ကနီ-ပကဖ)၊ Alpha စစ်ကြောင်း၊ ဆားလင်းကြီးစစ်ကြောင်း၊ Drone တပ်ဖွဲ့များ၊ ဒေသကာကွယ်ရေး အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။