စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲများအား စောင့်ဆိုင်းတိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး မောင်းပြန်တစ်လက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း DRPA၏ ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်ညိုမင်းက ပြောသည်။
ယမန်နေ့ (ဇွန်လ ၁၉ ရက်)နံနက် ၇နာရီခန့်က ယင်းမာပင်ခရိုင် တပ်ရင်း အမှတ်(၃၀) DRPA အဖွဲ့နှင့် ကနီမြို့နယ် ရပ်ကွက် (၃)၊ သုံးဒေါင့်ကျွန်း ကြို့ပင်လှအရပ်တွင် ကင်းလှည့်လာသော ရဲ ၁၇ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ပစ်ခတ်မှု ၁နာရီကျော်ကြာမြင့်ခဲ့ပြီး ရဲ သုံးဦးသေဆုံးကာ G3 အမျိုးအစား မောင်းပြန်တစ်လက်၊ G3 ကျည်အတောင့် ၉၀၊ G3 ကျည်ဘောက် သုံးခု၊ ဖုန်းတစ်လုံး၊ စကားပြောစက်တစ်လုံး၊ စာရွက်စာတမ်းများနှင့် ကျပ်နှစ်သိန်း၊ ကျည်ကာ နှစ်ထည်တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း DRPA၏ ပြန်ကြားရေးအဖွဲ့ဝင် ရဲဘော်ညိုမင်းက ပြောသည်။
“သူတို့ကင်းလှည့်နေတုန်းမှာ တပ်ရင်း (၃၀)DRPAရဲ့ စစ်ကြောင်းနဲ့တွေ့ပြီးတော့ ပစ်တာ။ အလောင်းတောင်ပြန်မကောက်နိုင်တဲ့တစ်ယောက်ရဲ့ ပစ္စည်းတွေရလိုက်တယ်။ နောက်ထပ်ကျတဲ့နှစ်ယောက်က ကျွန်တော်တို့နဲ့ဝေးတဲ့အတွက် ဒီကောင်တွေ ပြန်သယ်သွားတယ်။ နောက်နှစ်ယောက်ကဆေးရုံမှာမနေ့ညက ဆုံးသွားတယ်။”ဟု ရဲဘော်ညိုမင်းက ပြောသည်။
ပစ်ခတ်မှုအတွင်း DRPA ရဲဘော်များမှာမူ အထိအခိုက်မရှိဟု ၎င်းက ဆိုသည်။
အဆိုပါရဲများ မြို့ပေါ်ပြန်သွားပြီးနောက် ကနီမြို့တွင်းရှိ စစ်ကောင်စီတပ်က တိုက်ပွဲနှင့်မသက်ဆိုင်သည့် ယာကြီးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်ပစ်၍ ပြည်သူတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် မဆိုင်သည့်ပြည်သူများကို စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့၍ ပြည်သူထိခိုက်မှုအတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ တော်လှန်ရေးဆုံးခန်းတိုင်အောင် ကြိုးစားသွားမည်ဟု DRPAအဖွဲ့က ပြောသည်။
ကနီမြို့နယ်တွင် ပြီးခဲ့သည့် မေလ ၃၁ ရက်က မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နမခ)မှ MI35 ရဟတ်ယာဥ်ဖြင့် ကနီမြို့နယ်ရှိ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်း မိုင်တိုင် (၂၉/၃၀) အနီးရှိ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး လူနေအိမ်များနှင့် စျေးဆိုင်အချို့ ပျက်စီးခဲ့သည်။