စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်တပ်က ညအချိန် တိုက်လေယာဉ်ဖြင့် ဗုံးကျဲပစ်ခတ်မှုများ လုပ်ဆောင်ရာ လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
မတ်လ ၁၈ ရက်နေ့ ညပိုင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ကနီမြို့နယ်အတွင်းရှိ တောင်ကိုးလုံးရွာ၊အုမ္မရွာ၊နတ်ကြီးရွာ အပါအဝင် ကျေးရွာ ၃ ခုကို စစ်ကောင်စီတပ်က ဗုံးများ ကျဲချခဲ့ကြောင်း သိရှိရသည်။
“ကင်းထောက် လေယာဉ်က ရှေ့ကသွားပြီး နောက်က လေယာဉ်နဲ့ ဗုံးကျဲပစ်ခတ်တာတွေ လုပ်သွားတယ်။ ပထမအုမ္မရွာကို ည ၁၁နာရီ ကျော်အချိန် ဗုံး ၃လုံးချတယ်။ ချတဲ့ ၃ လုံးက ရွာထဲမကျဘဲ ရွာအနီး မြစ်ကမ်း ဘေးက ကျွန်းပေါ်မှာ ကျတယ်။ လက်နက်အပိုင်းအစတွေလွင့်စင်ပြီး ရွာထဲကအိမ် ၁ လုံးအမိုး ပေါက်ပျက်စီးတယ်။တောင်ကိုးလုံးရွာကိုတော့ ည ၁နာရီကျော်မှာ လာပစ်တယ်။ အိမ်၄လုံး မီး လောင်ပြီး ၂ လုံးပျက်စီးတယ်။နတ်ကြီးရွာကိုတော့ ည ၂ နာရီကျော်မှာ ဗုံးကျဲတယ်။ လူမနေတဲ့အိမ်တစ်လုံးပျက်စီးတယ်။ လူထိခိုက်မှုကတော့ ၃ရွာစလုံးမှာမရှိခဲ့ဘူး” ဟု ကနီမြို့နယ်ဒေသခံရွာသားတစ်ဦးက ပြောဆိုသည်။
မတ်လ၅ ရက်နေ့ကလည်း စစ်တပ်က ကနီမြို့နယ် တောင်ကိုးလုံးရွာကို အကြောင်းမဲ့ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သဖြင့် လူနေအိမ် ၄လုံး နှင့် နွားတစ်ကောင် သေကြေပျက်စီးခဲ့ကြောင်း သိရှိရသည်။