စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် တပ်ချိန်းရန် ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာသော စစ်တပ် သင်္ဘော များနှင့် အလယ်ကျွန်း ပျူစောထီးရွာ စခန်း တို့ကို တိုက်ခိုက်ခဲ့ရာအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၃၀ ရက် နံနက် ၁၁ နာရီခန့်က ကနီမြို့နယ်၊ အထက်မင်းကင်းကျေးရွာ အနီးတွင် မိချောင်းတွင်းကျေးရွာ၌ ညအိပ် တပ်စွဲပြီး ပြည်သူပိုင်၊ နွား၊ ဆိတ်၊ ရိက္ခာနှင့် တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူပြီး စုန်ဆင်းလာသော အကြမ်းဖက် စစ်တပ် သင်္ဘော ၇ စီးကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သင်္ဘောမောင်းသူနှင့် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“သင်္ဘောတွေက ဟုမ္မလင်းကနေ ဆင်းလာတာဗျ၊ သင်္ဘောပေါ်မှာက စခ၊ ပျူ၊ ရှမ်းနီ ၁၅၀ ဝန်းကျင်ပါ တယ်၊ ကနီမြို့နဲ့ အလယ်ကျွန်း ပျူရွာက စခနဲ့ ပျူတွေကို တပ်ချိန်းမှာ၊ ကနီမြို့ပေါ်က တပ်တွေရောပဲ၊ ကနီမြို့နယ်၊ မိချောင်းတွင်းကျေးရွာမှာ ညအိပ်တပ်စွဲပြီး ပြည်သူပိုင် ပစ္စည်းတွေ အကုန်ယူလာကြတာ၊ ဆိတ်တွေ၊ နွားတွေ၊ ပြည်သူပိုင်ပစ္စည်းရှိသမျှတွေ အကုန်ယူလာကြတာဗျ။ အခု ကနီမြို့ထဲရောက်နေပြီ” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
အလားတူ မွန်းလွဲ ၁ နာရီခန့်တွင် ကနီမြို့နယ် ကြော်မျှော်တောင်အနီးအရောက် အဆိုပါ သင်္ဘော ၇ စီး ကို ထပ်မံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ၊ ယင်းသင်္ဘော များပေါ်တွင် ဟုမ္မလင်းမြို့နယ်မှ ရှမ်းနီ၊ ပျူစောထီး အင်အား ၁၅၀ ခန့်လိုက်ပါလာပြီး ကနီမြို့ရှိ စစ်သားများ၊ ပျူစောထီးများနှင့် တပ်ချိန်းရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယနေ့ အောက်တိုဘာလ ၃၀ ရက် နံနက် ၂ နာရီခန့်က ကနီမြို့နယ် အလယ်ကျွန်းပျူစောထီးရွာကို Shar Htoo Waw နည်းပညာ မောင်သူ့မဲ့လေယာဉ် ဖြင့် 1Kg ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများရှိနိုင်ပြီး အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ – KLG PDF (ကျောက်လုံးကြီး)အဖွဲ့နှင့် နယ်မြေဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။