စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီ ရှေ့ပြေးကင်းထောက် စစ်ကြောင်းနဲ့ တော်လှန်ရေး တပ်ပေါင်းစု တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား တဦးသေ၊ တပ်စိတ်မှူး တဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ Union Liberation Front_ULFက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
နွားခြံကုန်းကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အင်အား ၂၅ ယောက်ပါ ရှေ့ပြေး စစ်ကြောင်းဟာ ဩဂုတ် ၂၀ရက်က နွားခြံကုန်းတောပြင်အတွင်းကိုအရောက်မှာ ULF(တပ်ပေါင်းစု) က Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း နဲ့ Alpha စစ်ကြောင်းက ကင်းပုန်းတပ်စုနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲ ကြာချိန် (၂၅)မိနစ် အတွင်းမှာ အကြမ်းဖက် စစ်တပ်ဘက်က စစ်သား တဦး သေဆုံးခဲ့ပြီး တပ်စိတ်မှူးထွန်းဝင်းကို အရှင်ဖမ်းမိခဲ့ကာ ၎င်းဆီကနေ 40(MM)ဗုန်းသီး (၂)လုံး၊ ကျည် (၂၅၀)တောင့်နဲ့ ကျည်ဘောက် နှစ်ဘောက်ရရှိခဲ့ကာ ULF(တပ်ပေါင်းစု)က ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရတယ်။