စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်၊ ကုန်းသာကျေးရွာတွင် အခြေခံပညာကျောင်းသား စုံညီတော်ပွဲတော် ကျင်းပပြုလုပ်နေချိန် စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ရာ လူထိခိုက်မှုမရှိသော်လည်း နေအိမ်များနှင့် ကျောင်းခန်းမ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းအချိန် ကနီမြို့နယ်၊ ကုန်းသာကျေးရွာတွင် အခြေခံပညာကျောင်း ပညာရေး စုံညီပွဲတော် ကျင်းပပြုလုပ်နေချိန် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“မြေပြင်မှာတော့ ဘာတိုက်ပွဲမှ မရှိဘူး။ သူတို့ သတင်းပေး တွေက သတင်းအမှားတာလား၊ တမင်ပစ်ခတ်ခိုင်းတာလားတော့မသိဘူး။ ရွာမှာက အေးအးချမ်းချမ်းပဲ ။ ကလေးတွေတော့ စုံညီပွဲလုပ်နေကြတာ။ အဲဒါပွဲက စစ်ရေးနဲ့ တိုက်ခိုက် ရေးနဲ့ ဘာမှမဆိုင်ဘူး။ ပညာသင်တဲ့ကလေးတွေ စုံညီပွဲတော်လုပ်တာကိုပစ်တယ်ဆိုရင်တော့ ဒီကောင်တွေ ရဲ့လုပ်ရပ်က ရွံ့စရာပဲ။ အခုလည်းရွာကို ရဟတ်ယာဉ်နဲ့ ပတ်ပြီး လေး ငါးကြိမ် လောက်ပစ်တယ်။ နောက်ပြီးတော့ မင်းကင်းမြို့နယ်ဘက်ကိုလည်းသွားပစ် သေးတယ်။ မင်းကင်းဘက်ကတော့ ဘာသတင်းမှ မသိရသေးဘူး။ မင်းကင်းမြို့နယ်ဘက်ကို ပစ်ပြီးအပြန်မှာ ကျွန်တော်တို့ရွာကို ဒုတိယအကြိမ်ထပ်ပစ်တယ်။ ထိခိုက်မှုကတော့ ရွာ တောင်ပိုင်းက အိမ်တချို့အမိုးပျက်စီးတယ်။ ကျောင်းခန်းမ အဆောင်အမိုးပျက်စီးတယ်။ နွားတစ်ကောင်သေတယ်။ နောက်ထပ်နွားမတစ်ကောင် ဒဏ်ရာရတယ်ဗျ။ လူတွေကတော့ ထိခိုက်မှုမရှိခဲ့ဘူး” ဟု ကုန်းသာ ကျေးရွာသားတစ်ဦးက ပြောဆိုသည်။
စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သော ကုန်းသာရွာသည် ကနီမြို့မြောက်ဘက် မင်းကင်းမြို့နယ်အစပ်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ လာရောက်ပစ်ခတ်သည့် ရဟတ်ယာဉ်သည် နမခစစ်တပ်မှ ဖြစ်ကြောင်း သိရှိရသည်။
“ကနဦး ရဟတ်ယာဉ် က ရိုရိုးဖြတ်သန်းပျံတာလို့ထင် နေတာ။ နောက်ပိုင်း လေယာဉ်ပေါ်ကနေ ပစ်ခတ်တာတွေ ဗုံးကျဲတာတွေ လုပ်တယ်။ ရွာကိုပတ်ပစ်တာတော့ အကြိမ်အရေအတွက်ကို မရေတွက်နိုင်ဘူး။ ပစ်ခတ်လို့ ရွာတောင်ပိုင်းကအိမ်အတော်များများခေါင်မိုး တွေ ပေါက်ကွဲထွက်တယ်။ ရွာကျောင်းခန်းမအဆောင်တစ်ခုလည်း ပျက်စီးတယ်” ဟု အခြားဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ယနေ့တွင် မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာနှင့် ရေဦးမြို့နယ်၊ သောင်ပြင်ကျေးရွာဘက်သို့လည်း စစ်တပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ပြီး အထိအခိုက် အပျက်အစီး အခြေအနေ မသိရှိရသေးကြောင်း ဒေသပြည်သူများက ဆိုကြသည်။