စစ်ကိုင်းတိုင်း၊ ကနီမြို့မရဲစခန်းမှ ရဲမေတစ်ဦးသည် ငါးလသားအရွယ်ရင်သွေးငယ်နှင့်အတူ လက်ပစ်ဗုံး တစ်လုံး ယူဆောင်ကာ အလင်းဝင်လာကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (Anti-Dictatorship People Revolution’s Army)၏ တာဝန်ရှိသူက ပြောသည်။
ကနီမြို့မရဲစခန်းမှ ရဲမေမဇင်မာလွင်သည် ဇန်နဝါရီ ၃ ရက်က (၅)လအရွယ်သမီးငယ်နှင့်အတူ ပြည်သူ့ရင်ခွင် ခိုဝင်လာကြောင်း၊ အဆိုပါ ရဲမေနှင့်ရင်သွေးအား ကောင်းမွန်စွာ လက်ခံထားပြီး ထိုက်သင့်သည့်ဆုငွေများပေးအပ်ကာ ၎င်းတို့ဖြစ်လိုရာ ဆန္ဒအတိုင်း စီစဥ်ပေးနေကြောင်း ADPRA၏ တာဝန်ရှိသူက ပြောသည်။
“သူတို့နယ်မြေကျဥ်းကျဥ်းလာလို့ပေါ့။ အရင်တုန်းကလည်း အခွင့်အခါမသင့်လို့ မဝင်ဖြစ်တာလို့ပြောတာပေါ့။သူတို့လွတ်မြောက်ဖို့ စိတ်ချလက်ချနေနိုင်ဖို့အတွက် ဝင်လာကြတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထပ်မံအလင်းဝင်လာမည့်သူများကိုလည်း ကြိုဆိုနေပြီး ထိုက်သင့်သည့်ဆုငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲအတွင်းရောက်မှ လက်နက်ချပါက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ADPRAက သတိပေးထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ တတိယပတ်အတွင်းကလည်း ကနီနှင့်မင်းကင်းမှ ရဲတပ်သားနှစ်ဦး ADPRAအဖွဲ့ထံ လက်နက်ခဲယမ်းများနှင့် အလင်းဝင်ရောက်ခဲ့သေးသည်။