စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်တွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့နေပြီး ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ကိုးမြို့ရွာကို ဝင်ရောက်စီးနင်းမီးရှို့နေပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ အလားတူ စက်တင်ဘာလ ၉ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တောင်တည်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
” မနေ့ကကော ဒီနေ့ကော စစ်ခွေးတွေက ဆက်တိုက်ကို ရွာတွေကို ဝင်စီးပြီး မီးရှို့နေတာ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ ဖြစ်စဥ် အသေးစိတ်နဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် ကန့်ဘလူခရိုင်အတွင်းရှိ တောင့်တည်းကုန်းရွာ အပါအဝင် သိုးဘိုးရွာ၊ ကိုးမြို့ရွာ၊ ဖလံချိုင်ရွာ၊ ညောင်ဇင်ကြီးရွာ၊ သရက်ခေါင်းရွာ၊ မင်းကုန်း(က) ရွာ၊ ဆူးပုတ်ကုန်းရွာ၊ ဘိုတဲကုန်းရွာ၊ ဘိုကုန်းရွာ၊ ပေလည်ရွာ နှင့် ငါးရာနဲရွာ စသည့် ကျေးရွာများမှ ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။